တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ လာမယ့် ၂၀၂၇ ခုနှစ် အတွင်း ဝေဟင်နိမ့် စီးပွားရေး လုပ်ငန်းအနေနဲ့ ကားပျံတွေ ထုတ်လုပ် ပျံသန်းဖို့ တရုတ် အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်းမှာ ကားပျံ ထုတ်လုပ်ရေး ပျံသန်းရေးလုပ်ငန်း အပါအဝင် ဝေဟင်နိမ့်စီးပွားရေး လုပ်ငန်း (Low-altitude economy) အတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ (ယွမ် ၁၀ ဘီလီယံ) ရင်းနှီးမယ်လို့လည်း ဆိုပါတယ်။

အမြင့်ပေ ၃၀၀၀ ခန့်အတွင်းမှာ ပျံသန်းမယ့် မောင်းသူ ပါတာနဲ့ မောင်းသူမဲ့ မြို့ပြ လေယာဉ် အမျိုးအစား နှစ်မျိုးလုံး ဖြစ်ပြီး ဝေဟင်ပျံ အငှားယာဉ်များ အဖြစ်သာမက ကိုယ်ပိုင် ခရီးသည်တင် ယာဉ်များ အဖြစ်ပါ သုံးနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။
အဆိုပါ eVTOL လျှပ်စစ် စွမ်းအင်သုံး ဒေါင်လိုက် မောင်းနှင် ပျံသန်း၊ ဆင်းသက်၊ ရပ်နား၊ ထွက်ခွာနိုင်တဲ့ ဝေဟင်ပျံ ယာဉ်များရဲ့ တန်ဖိုးနှုန်းထားကို ဒေါ်လာ ၁၃၈၀၀၀ (ယွမ် ၁ မီလီယံ) က စတင်မယ်လို့ သိရပြီး ပိုက်ဆံ သုံးနှိုင်တဲ့ လူကုံထံ အသိုင်းအဝိုင်းနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ဝေဟင်နိမ့် စီမံကိန်းမှာ ဝေဟင်ပျံ အငှားယာဉ်တွေ ရပ်နားဖို့ နဲ့ ဆင်းသက်ဖို့ နေရာများ အပါအဝင် ယာဉ်ပျံများ အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတွေလည်း ပါဝင်ပါတယ်။
ဝေဟင်ပျံယာဉ်များ ထုတ်လုပ် ပျံသန်းရေး လုပ်ငန်းမှာ XPeng နဲ့ EHang ကုမ္ပဏီများ ပါဝင်ကြောင်းလည်း သိရပါတယ်။
Ref : Nikkei Asia