အမေရိကန် လျှပ်စစ် စွမ်းအင်သုံး (EV) ကား ကုမ္ပဏီ တခုဖြစ်တဲ့ Fisker ကုမ္ပဏီဟာ ဒေဝါလီခံဖို့ အခြေအနေ ဆိုက်ရောက်သွားပါတယ်။
Fisker ဟာ EV ကား အမျိုးအစား Ocean SUVs ထုတ်လုပ်မှု နဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ အပါအဝင် အကြပ်အတည်း များနဲ့ ရင်ဆိုင်ရပြီးနောက် ကုမ္ပဏီရဲ့ လုပ်ငန်းများကို ဆယ်ယူ ကယ်တင်နိုင်ရေး အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က ဒေဝါလီခံဖို့ လုပ်ဆောင်လာတာပါ။
ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီး တခုဆီကနေ ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ သန်း ၃၅၀ အငြင်းခံလိုက်ရခြင်း ကလည်း အခု အခြေအနေကို ဖြစ်ပေါ်စေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီကြီးကတော့ Nissan ကုမ္ပဏီလို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ Delaware ပြည်နယ်ရှိ တရားရုံးရဲ့ ဒေဝါလီဆိုင်ရာဖိုင် မှတ်တမ်း အရ Fisker Group Inc. ကုမ္ပဏီရဲ့ ခန့်မှန်းပိုင်ဆိုင်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံမှ ၁ ဘီလီယံ အထိရှိပြီး ပေးဆပ်ဖို့ တာဝန်ရှိ ကြွေးမြီတန်ဖိုး ကတော့ ဒေါ်လာ ၁၀၀ မီလီယံ ကနေ ၅၀၀ မီလီယံ ရှိကြောင်း Reuters သတင်းမှာလည်း ဖော်ပြထားပါတယ်။
Fisker ဟာ ယှဉ်ပြိုင်မှု ကြီးမားတဲ့ EV ဈေးကွက် အတွင်း လွန်ခဲ့တဲ့ ၂ နှစ်က ဒေဝါလီခံခဲ့ရတဲ့ Proterra ၊ Lordstown နဲ့ Electric Last Mile Solutions ကုမ္ပဏီတွေ ကြုံတွေ့ရတဲ့ ဝယ်လိုအား ကျဆင်းခြင်းများ၊ ဘဏ္ဍာရေး အကြပ်အတည်းများ၊ ထုတ်လုပ် ရောင်းချမှု၊ ဖြန့်ချိ တင်သွင်းမှု ဆိုင်ရာ အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

အဲဒီ Fisker ကုမ္ပဏီကို Automotive Designer တဦးဖြစ်တဲ့ Henrik Fisker က တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
Fisker က “EV ကားထုတ်လုပ်မှု နယ်ပယ်မှာရှိတဲ့ အခြားသော ကုမ္ပဏီများလိုပဲ ကျနော်တို့လည်း ဈေးကွက်ပုံစံမျိုးစုံနဲ့ လုပ်ငန်း လည်ပတ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိတဲ့ စီးပွားရေး လေဆန်ခရီးတွေကို ရင်ဆိုင်ကြုံတွေ့ရပါတယ်”လို့ ပြောကြားသွားပါတယ်။
Ref : Reuters