စစ်ကောင်စီနှင့် နီးစပ်သော မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန် ဧရာဟင်္သာ ထရေးဒင်း ကုမ္ပဏီအပါအဝင် ပြည်ပမှ စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီ ၈ ခုကို မသမာမှု ပြုလုပ်သည်ဟု ဆိုကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ဇွန်လ ၂၄ ရက်မှ စတင်ပြီး အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန်သည်။
ဦးဇော်ဝင်းရှိန်သည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များထဲတွင် အသက်အငယ်ဆုံးသော ဘဏ်လုပ်ငန်းရှင်တဦးလည်း ဖြစ်ပြီး ဧရာဟင်္သာကုမ္ပဏီသည် စိုက်ပျိုးရေး၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဆေးရုံလုပ်ငန်း(ဝိတိုရိယဆေးရုံ)၊ စက်မှုဇုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ပြည်ပမှ မှန်တင်ပို့ခြင်း လုပ်ငန်းနှင့် Suzuki ကားတင်သွင်းရောင်းချခြင်းလုပ်ငန်းစသော လုပ်ငန်းများစွာလုပ်ကိုင်နေသည့် ထိပ်တန်း စီးပွားရေးသမားတဦး ဖြစ်သည်။
အမည်ပျက်စာရင်းသွင်းလိုက်သော ကုမ္ပဏီများသည် ဆောင်ရွက်နေသည့် လုပ်ငန်းနှင့် သက်ဆိုင်သော အစိုးရ ဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသည်များကို မလိုက်နာသဖြင့် အမည်ပျက်သွင်းခြင်းဖြစ်ကြောင်း DICA က ထုတ်ပြန်ထားသည်။
DICA ထုတ်ပြန်ချက်၌ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့် သက်ဆိုင်သည့် အစိုးရ ဌာန၊ အဖွဲ့အစည်းများမှ ချမှတ်ထားသော တည်ဆဲဥပဒေများနှင့် နည်းဥပဒေများကို လိုက်နာခြင်း မရှိပါက မှတ်ပုံတင်အရာရှိအနေဖြင့် အများပြည်သူသိရှိစေရန် ကြေညာသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စားအုန်းဆီ တင်သွင်းရာတွင် မသမာမှု ပြုလုပ်ခဲ့သည့် ဦးဇော်ဝင်းရှိန်၏ ဧရာဟင်္သာ ထရေးဒင်း ကုမ္ပဏီ အပါအဝင် SIX WINNER BROTHERS ကုမ္ပဏီ၊ DIAMOND DRAGON ကုမ္ပဏီ၊ FIRST TOP EDIBLE OIL ကုမ္ပဏီ၊ THEIN THAN YADANAR ကုမ္ပဏီ၊ JEWEL ARROW ကုမ္ပဏီ၊ AGRI ONE TRADING ကုမ္ပဏီ နှင့် GRAND UNITY ကုမ္ပဏီတို့ကို အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် အထက်ပါ ကုမ္ပဏီများအနေဖြင့် မည်သည့် သတ်မှတ်ချက်များကို ချိုးဖောက်သောကြောင့် မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို စစ်ကောင်စီက ဖော်ပြထားခြင်း မရှိပေ။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း စားအုန်းဆီ တင်သွင်းရောင်းချသည့် ကုမ္ပဏီ ၉ ခုမှလုပ်ငန်းရှင် ၁၆ ဦးကို အာမခံပေး၍ မရသည့် ပုဒ်မ ၂ ခုဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၄၀၉၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် စွဲချက်တင် အရေးယူခဲ့သည်။
ရာဇသတ်ကြီးပုဒ်မ ၄၀၉မှာ ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ပါက ထောင်တသက် တကျွန်းဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အလားတူ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေတွင်လည်း ပြည်တွင်း ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ခြင်းများ အကျုံးဝင်ပြီး ဖောက်ဖျက် ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၆လမှ ၃နှစ်အထိ ချမှတ် ခံရနိုင်သည့်အပြင် ကျပ် ၅သိန်းထက် မပိုသော ဒဏ်ငွေချ နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ယခုအချိန်တွင် နိုင်ငံခြား ဝင်ငွေ နည်းပါးလာသည့် စစ်ကောင်စီက စားအုန်းဆီတင်သွင်းမှုကို ၎င်းတို့၏ မူဝါဒ လိုအပ်ချက်အရ ၅၀ ရာခိုင်နှုန်း လျှော့ချတင်သွင်းခိုင်းထားပြီး ပဲဆီနှင့် စားအုန်းဆီ ရောနှောရောင်းချရန်လည်း ပြည်တွင်းမြေပဲ စက်ရုံများကို စစ်ကောင်စီ၏ စားသုံးသူရေးရာ ဦးစီးဌာနက ညွှန်ကြားထားကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇွန်လမှ စတင်ပြီး စစ်ကောင်စီက ပြည်တွင်းစားအုန်းဆီ ဖြန့်ဖြူးရာတွင် ကုမ္ပဏီများမှတဆင့် ရောင်းချရန် ပြန် လည် ခွင့်ပြုခဲ့ပြီး တင်သွင်းမှု လျှော့ချခြင်းများကြောင့်လည်း ဈေးကွက်အတွင်း စစ်ကောင်စီ သတ်မှတ်ဈေးမှာ စားအုန်းဆီ တပိဿာလျှင် ၅,၇၀၀ ကျပ် ဝန်းကျင် ဖြစ်သော်လည်း ပြင်ပတွင် တပိဿာလျှင် ၁၁,၀၀၀ ကျပ်ကျော်မှ ၁၆,၀၀၀ ကျပ်အထိ မြင့်တက်ပြီး တချို့နေရာများတွင် ဝယ်ယူ၍ မရသည့် အခြေအနေပင် ရှိနေသည်။
နိုင်ငံခြားငွေ ရှားပါးလာသော စစ်ကောင်စီက လက်ရှိတွင် စားအုန်းဆီနှင့် ပဲဆီကို ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း ရောနှောပြီး တံဆိပ်ကပ် ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီအချို့ကို စစ်ကောင်စီ တရားစွဲ
စားအုန်းဆီ ပြတ်၍ ပြင်ပဈေး မြင့်တက်နေ
စစ်ကောင်စီက ဆန်ဈေးသတ်မှတ်လိုက်ပြီးနောက် မှောင်ခိုဈေးကွက်ပေါ်လာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR