တိုက်ပွဲများကြောင့် မိုးကုတ်မြို့ကိုစွန့်ခွာ၍ မန္တလေးဘက်သို့ ယနေ့နံနက်အစောပိုင်းမှစတင်ကာ ရှောင်တိမ်းလာကြသော ဒေသခံများ၏ ယာဉ်အစီးရေ ရာချီမှာ မြို့အထွက်၌ ရှေ့ဆက်သွားလာ၍မရဘဲ ပိတ်မိနေကြကြောင်း သိရသည်။
စစ်ရှောင်ကား၊ ဆိုင်ကယ်များမှာ မိုးကုတ်မြို့အနောက်ဘက် အောင်သစ်လွင်ရပ်ကွက်မှနေ မြို့ပြင် ကျောက်ဖား “မိုးကုတ်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် ဆိုင်းဘုတ်အထိ ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦး အမျိုးသားတဦးက “ကားတွေ ဆိုင်ကယ်တွေ လူတွေပိတ်မိနေတာ ထောင်ဂဏန်းလောက်ရှိမယ်။ အခုထိ ပေးမထွက်သေးဘူး” ဟု ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားကားများကိုပါ အသုံးပြု၍ မိုးကုတ်ဘက် စစ်ကူလာနေသော သတင်းများ ရထားသောကြောင့် မိုးကုတ်အနောက်ပိုင်းကို ထိန်းချုပ်ထားသည့် ပူးပေါင်းတပ်များက စစ်ရှောင်ကား များကို ပေးမထွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးကုတ်မှ မန္တလေးမြို့သို့ သွားရာလမ်း၌ စစ်ကောင်စီဂိတ်စခန်းများရှိနေပြီး ဂွေးပင်၊ ချောင်းကြီးနှင့် မတ္တရာစသည့် လမ်း ပိုင်းများဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် မိုးကုတ်မြို့ခံ အမျိုးသမီးတဦးက “လမ်းတလျောက်လုံး စကစ စခန်းများတယ်။ ဂွေးပင်၊ ၁၄၈၊ ဇရပ်ကွင်း၊ မတ္တရာ၊ လက်ပံလှရှိမယ်။ အခုတောင် ကားအချို့ကို ၁၄၈ တပ်က သိမ်းထားတယ် ကြား တယ်” ဟု ပြောသည်။

မိုးကုတ်အနောက်ပိုင်းတွင် အစောပိုင်းက ရက်ပိုင်းများ၌ တိုက်ပွဲဖြစ်ပွားနေသဖြင့် အနောက်ပိုင်းရှိဒေသခံများက ကျေး ရွာများဘက်နှင့် တချို့မှာ အရှေ့ပိုင်းဘက်သို့ ရှောင်ကြခြင်းဖြစ်ပြီး လက်ရှိ မိုးကုတ်အရှေ့ပိုင်းမှ ဒေသခံများ ထပ်မံ ရှောင်ကြခြင်းဖြစ်ကာ ယနေ့ နံနက် ၃ နာရီကတည်းက ထွက်လာကြသူများလည်းရှိသည်ဟု သိရသည်။
မိုးကုတ်ဒေသခံများမှာ မတိမ်းရှောင်ဘဲ နေအိမ်၌ ကျန်နေသေးသူများလည်းရှိနေသလို၊ တိမ်းရှောင်လာကြသော်လည်း လမ်း၌ ပိတ်မိနေခြင်းကြောင့် မရှောင်တော့ဘဲ နေရပ်သို့ လှည့်ပြန်ကြသည့် ဒေသခံများလည်း ရှိနေသည်။
အားလုံးစစ်ရှောင်ကြသဖြင့် နေအိမ်များ ဖောက်ထွင်းခိုးယူဖျက်ဆီးခံခဲ့ရသော မိုးမိတ်မြို့ဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားမည်ကို စိုး၍ နေအိမ်၌သာ လုံခြုံသည့်နေရာများဖန်တီးနေထိုင်ကြရန် ဒေသခံအချင်းချင်း သတိပေးပြောဆိုမှုများလည်း ရှိနေပြီး ဒေသခံတချို့မှာ ဗုံးခိုကျင်းများ တူးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိုးကုတ်မြို့ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများမှာ ထွက်ပြေးမှုများရှိနေသောကြောင့် လိုက်လံ ရှင်းလင်း လျက်ရှိပြီး ဒေသခံများအိမ်အတွင်း၌ နေထိုင်ပေးရန်လည်း မိုးကုတ်ဗျူဟာက ယမန်နေ့တွင် သတိပေးထားသည်။
မိုးကုတ်မြို့ရှိ စစ်ကောင်စီစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်များက ဇွန်လ ၂၅ ရက်မှစပြီး ထိုးစစ်ဆင်နေရာ မြို့ အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း အစရှိသည့် စစ်တပ် စခန်းတို့ကို တိုက်ခိုက်သိမ်းယူကာ ပူးပေါင်းတပ်များ ထိန်းချုပ်ထားနိုင်ပြီး ဆက်လက်၍ အရှေ့ပိုင်းရှိ စစ်တပ်စခန်းနှင့် တပ်စွဲထားသည့်နေရာများ ကျန်နေသေးသဖြင့် တိုက်ပွဲများ ပြင်းထန်းလာမည်စိုး၍ ရှောင်တိမ်းနေကြခြင်းဖြစ်သည်ဟု သိရသည်။
You may also like these stories:
မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး
ရှမ်းမြောက်တိုက်ပွဲ အရပ်သားအများစု ပိတ်မိနေပြီး ထိခိုက် သေဆုံးမှုရှိ
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်