ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီအခြေစိုက် စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းတခု ဖြစ်သည့် ခလရ ၅၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းဆုတ်ခွာပြီး သပြုချိုင် ရေတပ်စခန်းဘက်သို့ ထွက်ပြေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံအများစုအဆိုအရ ယင်း ခလရ-၅၅ ကို AA က လွန်ခဲ့သော ၅ ရက်ခန့်ကတည်းက သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသော်လည်း လက်ရှိအချိန်အထိ AA ဘက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ငပလီဒေသခံတဦးက ” ခလရ ၅၅ တပ်က စစ်ကောင်စီတပ်သားတွေ AA ထိုးစစ်မခံနိုင်လို့ တပ်ဆုတ်ပြေးနေကြတယ် ။ အခု သူတို့ ငပလီကမ်းခြေ ဂျိတ္တောရွာထဲမှာ ခံစစ်ပြင်ဆင်ပြီးတော့ သပြုချိုင်ဘက်ကမ်းကို စက်လှေနဲ့ ကူးပြေးဖို့ ကြိုးစားနေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ခလရ ၅၅ တပ်ရင်းမှ စခန်း ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ ဂျိတ္တောကျေးရွာမှ နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ခိုးယူနေကြသလို ပင်လယ်ပြင်ကို ဖြတ်ပြေးရန် ငါးဖမ်းလှေများကိုလည်း အဓမ္မ လုယူနေကြောင်း ဒေသခံများက ပြောသည်။
ပင်လယ်ပြင်ကို ဖြတ်ပြေးရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်သားများသည် ဇူလိုင်လ ၃ ရက်က ဂျိတ္တောကျေးရွာမှ ငါးဖမ်းလှေ ၁ စီးအား အဓမ္မလုယူရာ ပိုင်ရှင်ဖြစ်သူမှ မပေးသဖြင့် ငါးဖမ်းသမား သားအဖနှစ်ဦးအား ကမ်းစပ်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်းလည်း ကျေးရွာသားများက ပြောသည်။
ငပလီမြို့တွင် စစ်ကောင်စီ၏ ခမရ ၅၆၆ နှင့် ခလရ ၅၅ စသည့် ခြေလျင်၊ ခြေမြန် တပ်ရင်း ၂ ရင်း အခြေစိုက်တည်ရှိရာ လတ်တလော အဆိုပါတပ်ရင်း ၂ ရင်းစလုံးမှ စစ်ကောင်စီတပ်သားများသည် AA ထိုးစစ်ကြောင့် သံတွဲမြို့ တဖက်ကမ်း သပြုချိုင်ကျွန်းမှ မောင်ရွှေလေးကျေးရွာအနီးရှိ ရေတပ်စခန်းသို့ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်
သံတွဲလေဆိပ် AA သိမ်းပိုက် ဟုဆို
ငပလီကမ်းခြေကို စစ်ကောင်စီ ဗုံးကြဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR