ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ နမ့်ပေါင်တိုက်နယ်ရှိ ခလရ-၂၉၁ တပ်ရင်းဌာနချုပ်ကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက ယမန်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ဇူလိုင် ၃ ရက်မှ စတင်ပြီး ခလရ-၂၉၁ တပ်စခန်းကို မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်များက လားရှိုးမြို့သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သောကြောင့် တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း လားရှိုးမြို့ခံ အမျိုးသားတဦးက ဧရာ၀တီသို့ ပြောသည်။
၎င်းက “နမ့်ပေါင်မှာ တိုက်ပွဲက အကြီးကျယ်ဖြစ်တာလေ၊ အခုတော့ စကစ ကင်းစင်သွားပြီ။ နမ့်ပေါင်က စကစတပ်တွေ လားရှိုးမြို့ထဲ ပြန်လာပေါင်းကြတာပေါ့။ တိုက်ပွဲကတော့ လားရှိုးမြို့နဲ့ နီးလာပြီ” ဟု ပြောသည်။
ခလရ-၂၉၁ ၌ စစ်ကောင်စီ အင်အားရာချီ တပ်စွဲထားပြီး တိုက်ပွဲအတွင်း စခန်းမကျစေရေး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါတပ်ရင်းသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖြစ်ပြီး လားရှိုးမြို့ကို ကာကွယ်ရန် ရှေ့တန်းခုခံစစ်အဖြစ် ပြင်ဆင်ထားခြင်းဖြစ်ကာ ထိုတပ်ရင်း ကျသွားခြင်းကြောင့် လားရှိုးမြို့အနီးသို့ မဟာမိတ်တပ်များ အလွယ်တကူ ဝင်ရောက်နိုင်ပြီဖြစ်သည်။
တိုက်ပွဲအတွင်း နမ့်ပေါင်တိုက်နယ်ဆေးရုံအပါအဝင် နေအိမ်အများအပြား ကျည်ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားဒေသခံ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။
ယနေ့ တွင် မြို့ပေါ် အမှတ် ၇ ရပ်ကွက်ရှိ လွယ်ပြေတောင်၊ မန်အိုင် အမှတ် ၅ ရပ်ကွက်နှင့် အမှတ် ၉ ရပ်ကွက် ဆင်တောင်တို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။
ယနေ့ နံနက်တွင် အမှတ် ၇ ရပ်ကွက်ရှိ စိတ္တသုခ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင် ၃ ပါး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရမခ တိုင်းဌာနချုပ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
ဇူလိုင် ၃ ရက်နှင့် ၄ ရက် နှစ်ရက်အတွင်း လက်နက်ကြီးကျည်ကြောင့် မြို့ခံ အရပ်သား သေဆုံးသူ ၁၃ ဦးအထိရှိလာခဲ့ပြီး ဒေသခံ ထောင်ချီသည် ကားများတွင် အလံဖြူထောင်ပြီး မြို့ပေါ်မှ စွန့်ခွာတိမ်းရှောင်နေကြသည်။
လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း သိရသည်။
စစ်ရှောင်ရန်ကျန်ရှိသည့် လားရှိုး-မိုင်းရယ်-နမ့်လန်မှ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့လမ်းကြောင်းသည် မြန်ဆန်နိုင်သော်လည်း လားရှိုး-မိုင်းရယ် အကြားရှိ နမ့်ပေါင်တိုက်နယ်ကို မဟာမိတ်များက ထိန်းချုပ်ထားရာ လမ်းအသုံးပြုခွင့် မပေးသေးသောကြောင့် စစ်ရှောင်များ ထိုလမ်းကြောင်းအား စောင့်ဆိုင်းနေကြသည်။
လားရှိုးမြို့အနီးတိုက်ပွဲများကို မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်သစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့မှ ဦးဆောင်နေသော်လည်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
You may also like these stories:
လားရှိုးတိုက်ပွဲ မြို့နှင့် ပိုမိုနီးကပ်လာ
တားမြစ်ကန့်သတ် လက်နက်များ စစ်ကောင်စီသုံးနေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR