အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ၏ တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း တရုတ်နိုင်ငံသို့ ယမန်နေ့တွင် သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။
ထိုခရီးစဉ်သည် တရုတ်နှင့်ရုရှားတို့ ဦးဆောင်ဖွဲ့စည်းထားသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်း လန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန်ဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမင်းသူလည်း လိုက်ပါသွားကြောင်း ဖော်ပြထားသည်။
SCO ၏ ဆက်စပ် ဆွေးနွေးပွဲများကို သာမန်အားဖြင့် ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်များသာ တက်ရောက်လေ့ရှိသော်လည်း လက်ရှိ ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေမှုနှင့် ယခု ဇူလိုင်လကုန်တွင် စစ်ကောင်စီက အရေးပေါ် အခြေ အနေ ကြေညာထားမှု သက်တမ်းကုန်ဆုံးမည့်အချိန်တို့တွင် ဒုဝန်ကြီးချုပ်နှင့် ဒုစစ်ခေါင်းဆောင်ဖြစ်သူ ကိုယ်တိုင် သွား ရောက်သည့် ခရီးစဉ် ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် SCO အဖွဲ့တွင် ဆွေးနွေးဖက်နိုင်ငံဖြစ်လာသည့် မြန်မာသည် ယမန်နှစ် အောက်တိုဘာ လက ကျင်းပသည့် SCO စွမ်းအင်ဖိုရမ်နှင့် ယခုနှစ်ဇွန် ၂၆ ရက်က ကျင်းပသသော တိုင်းရင်းဆေးဖိုရမ်တို့အား စစ် ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့သာ တက်ရောက်ခဲ့သည်။
ထို့ကြောင့် ဒုစစ်ခေါင်း၏ ခရီးစဉ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ် တက် ရောက်ရန်သာမက လက်ရှိ မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူ များနှင့် သီးခြားဆွေးနွေးမှုများရှိလာနိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောသည်။

၎င်းက “ဟိုင်ဂင် ဆွေးနွေးပွဲတွေကတည်းက တရုတ်က အပစ်အခတ်ရပ်စဲရေးပြီးရင် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေး နွေးပွဲတွေ လုပ်ဖို့လိုတယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ရတဲ့သူကို ခေါ်ခေါ်ပြီး မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ အရေးပါတဲ့ Stakeholder တွေ အားလုံးပါတဲ့ ဆွေးနွေးပွဲဖြစ်ရေးကို တရုတ်က တွန်းနေတာပဲ။ အဲဒီအတွက် ရတဲ့အခွင့် အရေးလေးပေးပြီး ပြီးရင် သီးခြားဆွေးနွေးတာပေါ့။ ဦးသိန်းစိန်တုန်းကလည်း ဝမ်ယိက သပ်သပ်ခေါ်တွေ့ပြီး မြန်မာ ပြည်အရေး ဆွေးနွေးတယ်ဆိုတာ ဒီကိစ္စတွေပဲ ဖြစ်မှာပေါ့” ဟု ပြောသည်။
စစ်တပ် ဒုခေါင်းဆောင် ခရီးစဉ်မတိုင်မီ ဇွန်လ ၂၇ ရက်က တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားတက်ရန် သမ္မတဟောင်းဖြစ်သူ ဦးသိန်းစိန်အား ဖိတ်ကြားခဲ့ပြီး ထိုခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သီးခြားတွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်။

ဒုစစ်ခေါင်းဆောင်အနေဖြင့် တရုတ်ခရီးစဉ်မတိုင်မီ တရက်က တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာ့နိုင်ငံဆိုင် ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည် တွင်း ငြိမ်းချမ်းမှုရရှိရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံက ထောက်ခံ အားပေးနေမှု အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
လတ်တလော ဒုစစ်ခေါင်းဆောင်ခရီးစဉ်တွင် ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျန်းရှစ်ကျင်းနှင့် ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး မစ္စတာဝမ်းဟောင်တို့ ကူမင်း၌ ကြိုဆိုခဲ့ပြီး ဆွေးနွေးပွဲကျင်းပမည့် ချင်းတောင်သို့ ရောက်ရှိစဉ် ချင်းတောင်မြူနီစီပယ်ဒေသ တရုတ်ကွန်မြူနစ်ပါတီ ဒုအထွေထွေ အတွင်းရေးမှူးချုပ် မစ္စ လင်းပင်းနှင့် တာဝန်ရှိသူများ ကြိုဆိုခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
You may also like these stories:
မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်