စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်သို့ ပြည်မမှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်များ အဓိက တင်ပို့နေ သည့် မဟာမြိုင်လမ်းကို တော်လှန်ရေးတပ်ဖွဲ့များပိတ်ထားသည်မှာ ၁ လကျော်အထိ ကြာမြင့်ပြီဖြစ်၍ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်လာကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်း- ရွှေဘို- ရေဦး- တန့်ဆည်- ကလေးဝ စသည့်မြို့များကို ဖြတ်၍ ကလေးမြို့ကို ကုန်စည်တင်ပို့သည့် မဟာမြိုင် လမ်းမကြီးပေါ် ကလေး၀မှ မိုင် ၃၀ ကျော်ဝေးသော ပျဉ်းကိုင်းကျေးရွာအနီးတွင် ကုန်တင်ကားများ ရာနှင့်ချီ၍ ပိတ်မိနေ ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင် ၈ ရက်တွင် ကုန်တင်ကားသမားများသည် ရှေ့ဆက်တိုးခဲ့သောကြောင့် တာ၀န်ကျ တော်လှန်ရေးတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ကားတစီးကို ပစ်ခတ်ခဲ့ရာ ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်များ ချိုးဖောက်ကာ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ ဝင်များကို ရိုက်နှက်၊ ထိုးကြိတ်၊ ဆဲဆို၊ အကြမ်းဖက်ခဲ့သောကြောင့် ကားသမား ၁၃ ဦးကို ယာယီ ဖမ်းဆီးထိန်းသိမ်း ထားပြီး ခံ၀န်ကတိထိုးခိုင်းကာ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၇ ရက်ကစပြီး မဟာမြိုင်လမ်း၌ ပိတ်မိနေသည့် ကလေးမြို့လာမည့် အတက်ကားများအား လွှတ်ပေးနေသည်ဟု ကားသမားများထံက သိရသည်။
ထို့ကြောင့် ပြတ်လပ်နေသည့် ဓာတ်ဆီများအနည်းငယ် ပြန်လည်ရရှိခဲ့ပြီး စက်သုံးဆီဆိုင်တချို့မှာမူ ဆက်လက် ပိတ်ထား ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ဓာတ်ဆီ ၁ လီတာ ၈၅၀၀ ကျပ် ၀န်းကျင် ဈေးပေါက်နေပြီး ၁ ဂါလံလျှင် ၄၅၀၀၀ ၀န်းကျင်အထိ ပေါက်ဈေး ရှိကာ ဝယ်ယူ၍ ရနေသေးသော်လည်း ဒီဇယ်ဆီများမှာ ၀ယ်မရတော့ဘဲ ပြတ်လပ်နေကြောင်း သိရသည်။

ကလေးဒေသခံတဦးက “ဓာတ်ဆီက ရှားနေတာ ဟုတ်ပါတယ်။ မဟာမြိုင်လမ်းကလည်း ပိတ်ထားတာကြာပြီလေ၊ တချို့ ကုန်တွေ ပြတ်ကိုနေတာ။ ဆေးတွေလည်း အတူတူပဲ။ တချို့ကတော့ လေယာဉ်နဲ့ သယ်ကြတာမျိုးရှိတယ်။ အဲဒီလို သယ် ရာမှာ အကန့်အသတ်ရှိတော့ ကုန်ဈေးနှုန်းလည်း ကြီး၊ ပစ္စည်းတွေကလည်း ရှားဖြစ်နေတာ” ဟု ပြောသည်။
ကုန်စည်သယ်ယူရာတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တန်ဆာခများ ယခင်ထက် သုံးဆခန့် တက်လာ ကြောင်း ဈေးရောင်းသူများက ဆိုကြသည်။
ထို့ပြင် ဆေးဝါးတချို့ပြတ်လပ်မှုကြောင့် ရေရှည် ဆေးဝါးစွဲမြဲစွာ ၀ယ်ယူနေရသည့် နာတာရှည် ရောဂါအခံရှိသော ဒေသခံ များ အခက်အခဲ ဖြစ်နေသည်။
You may also like these stories:
ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်
ဟားခါး-ဂန့်ဂေါ လမ်းပိတ်၍ ကုန်စည်ပြတ်မည်ကို ဒေသခံတို့ စိုးရိမ်