ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းနှင့် တိုက်ပွဲများဖြစ်နေသည့် ငပလီကမ်းခြေ တောင်ဘက် မြပြင်ရွာ ဟိုတယ်ဇုန်တို့ကို ဝင်ရောက်နိုင်သည့် မိုင် ၂၀ ကျော်ရှိသော ဇလွန်-မေရိုး ဘေးလမ်းပေါ်မှ တံတားများကို စစ်တပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ ဧရာဝတီက စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် ဇလွန်-မေရိုးဘေး ကားလမ်းနှင့် ရေကြောင်းလမ်းကို သုံး၍ စစ်အင်အားဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်နေရာမှ ယခု ကုန်းလမ်းပေါ်ရှိ တံတား ၃စင်းကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်လာသူ တဦးက “တံတား ၂စင်းကိုတော့ မိုင်းထောင်ပြီး ချိုးတယ်၊ ဆင်ဒင်တံတားကို မိုင်း ၂လုံးနဲ့ ချိုးတာ၊ သံတံတားဆိုတော့ အကုန် ပြတ်ထွက် မသွားလို့ တုံးထိုးပြီး လူတွေ သွားလာနေကြတယ်၊ အုန်းပင်ဝတံတားကို ဒီမနက် ချိုးတယ်လို့ ရွာကနေ အခုလှမ်းပြောတယ်၊ ပိန်းတောကြီးတံတားလည်း ချိုးဖို့လို့ ပြောသံကြားနေရတယ်” ဟုဧရာဝတီသို့ ပြောသည်။
အဆိုပါလမ်းကြောင်းသည် တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေမြို့မှ စစ်ဘေးရှောင်ပြည်သူများ အဓိက အသုံးပြုရ သည့် လမ်းဖြစ်သလို၊ အာရက္ခတပ်တော်(AA)က ကုန်းလမ်းမှ ဝင်ရောက်နိုင်သည့် လမ်းလည်းဖြစ်ကာ၊ စစ်ကောင်စီ ကလည်း တပ်အင်အား ဖြည့်တင်းရာတွင် အသုံးပြုသည့် တခုတည်းသော ကားလမ်းကြောင်း ဖြစ်သည်။
“ဒီလမ်းကြောင်းပေါ်က တံတားတွေကို အကုန်ချိုးဖို့ စစ်တပ်က ရွာသားတွေကို ပြောသွားတယ်”ဟု ယနေ့နံနက်ပိုင်းတွင် ဒေသခံတဦးက ပြောသည်။

ယခုကဲ့သို့ ကုန်းလမ်းကို ဖျက်ဆီးလိုက်သည့်အတွက် စစ်ကောင်စီသည် လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနိုင်ရန် ရေလမ်းနှင့် လေယာဉ်မှ လက်နက်ရိက္ခာ ချသည့်နည်းလမ်းကိုသာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။
လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ်တို့သည် ငပလီကမ်းခြေမြို့တောင်ဘက်ခြမ်းရှိ မြပြင်ကျေးရွာတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည်မှာ ရက်သတ္တတပတ်ကျော်လာပြီဖြစ်သလို စစ်ကောင်စီက လက်နက်ကြီးအပြင် ငပလီကမ်းခြေအနီး ပင်လယ်ပြင်၌ ရပ်ထားသည့် စစ်သင်္ဘာများမှလည်း ပစ်ကူပေးနေကြောင်း၊ ယခုမွန်းလွဲပိုင်း မြပြင်ဟိုတယ်ဇုန်ရှိ Sandoway Hotel အနီး မီးလောင်နေပြီး မီးခိုးလုံးများကို မြင်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ဇွန်လ ဒုတိယပတ်အတွင်း သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးထားရသည်။
You may also like these stories:
သံတွဲထောင်၌ တပ်ချခဲ့သည့် တပ်မမှူးနှင့် ဗျူဟာမှူးတို့ ပျောက်ဆုံးနေဟုဆို
AA ထိန်းချုပ်မှုအောက် သံတွဲမြို့ ရောက်ပြီဟုဆို
သံတွဲမြို့ မကျရေး စစ်ကူ အလုံးအရင်း ဖြည့်တင်းနေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR