စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်သုံးဆီဖိုးငွေချေရန်အတွက် ဒေါ်လာငွေ ချမပေးသဖြင့် ဈေးကွက်အတွင်း ယမန်နေ့မှစတင်၍ စက်သုံးဆီ ပြတ်လပ်မှု ကြုံတွေ့နေရကြောင်း စက်သုံးဆီလုပ်ငန်းရှင်နှင့် သုံးစွဲသူများထံက သိရသည်။
သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်နေသော်လည်း စစ်ကောင်စီက သတ်မှတ်ဈေးဖြင့် လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ထုတ်ပေးရန် ကြန့်ကြာနေပြီး ဆိပ်ကမ်းမှ စက်သုံးဆီထုတ်ယူ၍ မရသောကြောင့် ယခုရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့က ဒေါ်လာပြန်ထုတ်ပေးပြီဖြစ်သောကြောင့် တရက်နှစ်ရက်အတွင်း ပြန်အဆင်ပြေနိုင်ကြောင်း ပြည်တွင်း စက်သုံးဆီ လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ပြတ်တာတော့ ဒေါ်လာအခက်အခဲကြောင့် ပေါ့နော်။ မနေ့က ဒေါ်လာ ပြန်ချပေးတယ်။ အဲဒီတော့ ဒီရက်ပိုင်းတော့ ပြန်အဆင်ပြေသွားမယ်ထင်တယ်။ အဓိကတော့ ဒေါ်လာကျရင်တော့ အဆင်ပြေတယ်။ အခုက ဒေါ်လာက အခက်အခဲဖြစ်သွားတော့ နည်းနည်းခက်ခဲသွားတာပေါ့။ ဆီတွေက ရှိတယ်။ Terminal ထဲမှာ ထည့်ထားတယ်။ ဒေါ်လာမကျသေးတော့ နည်းနည်းပြဿနာလေး ရှိနေတာပေါ့”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
လက်တလော ရန်ကုန်မြို့ရှိ စက်သုံးဆီ တချို့တွင် ၉၂ ဓာတ်ဆီပြတ်လပ်ခြင်း၊ တချို့ ဆိုင်များတွင် ၉၅ ဓာတ်ဆီ ပြတ်လပ်ခြင်း နှင့် တန်းစီစောင့်ဆိုင်းရသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
ရန်ကုန်မြို့တွင်နေထိုင်သူ တက်စီယာဉ်မောင်းတဦးက “မနေ့ ကတည်းက ညနေ ၆ နာရီ၊ ၇ နာရီလောက်ထဲက ပြတ်သွားတာ။ ဓာတ်ဆီက ပိုပြတ်တာပေါ့။ ၉၂ ၊ ၉၅ မရတော့တာပေါ့။ ဒီဇယ်ကရသေးတယ်။ အပြင် ဆီဆိုင်လေးတွေမှာတော့ ဓာတ်ဆီ ၁ လီတာ ၃၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၁ ရက်အထိ ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးမှာ ၉၂ ဓာတ်ဆီ တလီတာ ၂၆၃၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၇၅၀ ကျပ်၊ ဒီဇယ် တလီတာ ၂၃၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၂၇၇၀ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် ဓာတ်ဆီတလီတာ ၃၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ ယနေ့ချိန်ထိ စက်သုံးဆီဈေးကွက်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် ဆီပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ်ခဲ့ရပြီး ဆီဆိုင်များ၌ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
ယင်းသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းသည် စစ်ကောင်စီတွင် နိုင်ငံခြားအရန်ငွေ ပိုမို ကျပ်တည်းလာခြင်းနှင့် ဈေးကွက်များကို ထိန်းချုပ်ကန့်သတ်ထားမှုများကြောင့် ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက ဧရာဝတီသို့ သုံးသပ် ပြောကြားထားသည်။
You may also like these stories:
စက်သုံးဆီရှိသော်လည်း ရောင်းမပေးသည့် ၁၆ ဆိုင် စစ်ကောင်စီ အရေးယူ
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်
စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy