ရှမ်းမြောက်ဒေသ၌ လားရှိုးကဲ့သို့ မြို့ကြီးများကိုသာမက အရေးပါသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ ဆုံးရှုံးလိုက်ရ သည့် စစ်ကောင်စီသည် ယနေ့နေ့လယ် ၃နာရီခန့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ် ထားသည့် ကွတ်ခိုင် မြို့မဈေးကြီးကို ဗုံးကြဲရာ အရပ်သား ၄ဦးသေဆုံး၍ ၁၀ဦးကျော် ဒဏ်ရာရကာ ဆိုင်ခန်း ၁၀၀ခန့် မီး လောင်သွားသည်။
မြို့ခံ အမျိုးသားတစ်ဦးက “ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ အကြိမ်ရေများတယ်။ သေဆုံးသွားတာက ပြည်ထောင်စုလမ်းမကြီး မှာ ဆိုင်ကယ်မောင်းနေရင်းကို ဗုံးမှန်သွားတာ။ အရပ်သားတွေ အများစု သွားလာနေတဲ့ နေရာကို စစ်တပ်က ရည်ရွယ်ချက် ရှိရှိကို လုပ်လိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မြို့မဈေးရှိ မီးလောင်ကျွမ်း နေ ဆဲ ဆိုင်ခန်းများကို TNLA၏ မီးသတ်တပ်ဖွဲ့နှင့် မြို့ခံများက ညနေ ၆ နာရီအထိ ဝိုင်းဝန်းမီးငြိမ်းသက်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ နေ့လည် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်၏ Y-12 ကင်းထောက် လေယာဉ် တစီး မြို့ပေါ်ကို တနာရီခန့် ပျံဝဲခဲ့သဖြင့် TNLAက မြို့မဈေးကြီးကို ပိတ်ကာ ဒေသခံများကို နေအိမ်များတွင်သာ နေထိုင်ရန်ပြောဆိုထားကြောင်း သိရသည်။
သေဆုံးသွားသူများမှာ မြို့မဈေးကြီးအနီးရှိ ကိုးကန့်တပ် (MNDAA) တပ်စွဲထားရာ ဆောက်လုပ်ရေးရုံးအရှေ့တွင် ဗုံးထိမှန် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုရုံးတွင်လည်း ဗုံးသုံးလုံးထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့ကလည်း လားရှိုးမြို့အနီးရှိ သိန္နီ မြို့မဈေးကြီးကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ မှု ကြောင့် ဒေသခံ ၇ ဦးသေဆုံးခဲ့ပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်ရေးအရ အထိနာလာနေသည့် စစ်ကောင်စီတပ်ဟာ ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်မြို့ကိုလည်း လေကြောင်းဖြင့် (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား အများအပြားသေဆုံးခဲ့ရသည်။
ထိုသို့ မြို့ရွာများ လူထုများကို ဗုံးကြဲစေရန်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီခေါင်းဆောင်းပိုင်းတွင် ပါဝင်သည့် ဘူးလက်လှဆွေဟု လူသိများသည့် USDP နေပြည်တော်နယ်မြေ ဥက္ကဌ ဦးလှဆွေ ကိုယ်တိုင် လူမှုကွန်ရက်မှ တိုက်တွန်း နေသလို စစ်ကောင်စီလော်ဘီများကလည်း ရေးသားကာ အားပေးအားမြှောက် ပြုလုပ်နေကြသည်။
You may also like these stories:
ဖြစ်ရပ်ဆိုးကြုံခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ