အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထီးတော်မိုးဖြစ်ခဲ့ဖူးသူ ရမခ တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်ကို မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က အလင်းဝင်ရန် ကမ်းလှမ်းနေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ရှိရာ လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဦးဆောင်သည့် ပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင်နေချိန် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်သည် ကစထမှူး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို ဆဲဆိုခဲ့သောကြောင့် ဇူလိုင်လ ၁၈ ရက်က၎င်း၏နေရာတွင် မူဆယ်ရှိ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ကို ပြောင်းလဲခန့်အပ်ခဲ့သည်။
ရမခ တိုင်းမှူးသစ်ဖြစ်လာသူ ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်မှနေ၍ စစ်ဆင်ရေးကို ကွပ်ကဲနေခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သြဂုတ်လ ၃ ရက်၌ လားရှိုး ရမခ ကို MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။
ရမခ သိမ်းပိုက်ချိန် ရမခ ဌာနချုပ်ထဲတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်ကို MNDAA က ဖမ်းဆီးရမိခဲ့သော်လည်း လက်ရှိတိုင်းမှူးသစ်မှာ စစ်ရေးတာဝန်များကို ကွပ်ကဲနေဆဲဖြစ်သောကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ကမ်းလှမ်းမှု ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
ဧရာဝတီစစ်ရေးသတင်းရင်းမြစ်က ” မူဆယ် မြို့ခံပြည်သူတွေနဲ့ မြို့ ကို မထိခိုက်ဖို့အတွက် တိုင်းမှူးအနေနဲ့ လက်နက်ချ အလင်းဝင်ဖို့ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ဖုန်းနဲ့ တိုင်းမှူးကို တိုက်ရိုက်ဆက်သွယ်ကမ်းလှမ်းထားတယ်လို့ သိရပါတယ် ” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ နှင့် လက်ရှိအပိုင်း၂ တို့၌ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများအပြားကို သိမ်းပိုက် ထားနိုင်ခဲ့ပြီး မူဆယ်ကိုဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်သော်လည်း တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် မူဆယ်ကို စနစ်တကျသိမ်းပိုက်ရန် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်အား ကမ်းလှမ်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
အဆိုပါ ကမ်းလှမ်းမှုအား တိုင်းမှူးအနေဖြင့်လက်ခံလိုက်ပါက တော်လှန်ရေးကာလအတွင်း အမြင့်ဆုံးအဆင့် အလင်းဝင်မှု တခုလည်းဖြစ်သလို မြို့နေပြည်သူလူထုကို ငဲ့ညာသူအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုနေကြသည်။
တိုင်းမှူးအသစ်ဖြစ်လာသော ဗိုလ်မှူးချုပ်စိုးလှိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ( DSA-42 ) ကျောင်းဆင်းတဦးဖြစ်ပြီး တပ်မ -၉၉ တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းအများစုသည် အရာရှိငယ်ဘဝမှ တပ်ရင်းမှူးဖြစ်သည့်အထိ စစ်တိုက်ဖူးသည့်အတွေ့အကြုံမရှိဘဲ အကပ်ကောင်းသည့်အတွက် ရာထူးတိုးလာကြသူများဖြစ်သည်ဟု စစ်ရေးလေ့လာသူအချို့ကမှတ်ချက်ပြုကြသည်။
You may also like these stories:
တိုက်ပွဲပြင်းထန်နေချိန် လားရှိုး စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်