ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွန်းဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၁၅ သိန်းကျော် မရသဖြင့် အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် အလုပ်သမား မဟာမိတ်အဖွဲ့ (WAG)ထံမှ သိရသည်။
အဆိုပါ မြန်မာအလုပ်သမား ၂၅ ဦးသည် လန်စွန်းဒေသရှိ CJA Construction ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေစဉ် ပြီးခဲ့သောနှစ် စက်တင်ဘာလမှစ၍ လုပ်အားခ အပြည့်အဝ မရရှိတော့ဘဲ ရက်ပိုင်းမျှသာ ရှင်းပေးနေခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် လုပ်အားခကို လုံးဝ ရှင်းပေးခဲ့ခြင်း မရှိတော့ကြောင်း အလုပ်သမားများက ပြောသည်။
ထို့ကြောင့် လုပ်အားခ ရှင်းမပေးသော ရက်များမှာ ၅ လအတွင်း ရက်ပေါင်း ၁၂၀ ကျော်အထိ ရှိခဲ့သောကြောင့် အလုပ်သမား ၂၅ ဦး၏ လုပ်အားခအားလုံးစုစုပေါင်း ဘတ် ၁၅ သိန်းကျော်ကို အလုပ်ရှင်က ရှင်းပေးရန် ကျန်ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။
ယင်းသို့ ၆ လကျော်ကြာ ရှင်းပေးခြင်း မရှိသည့်အတွက် စားဝတ်နေရေး ဒုက္ခရောက်လာသဖြင့် ကူညီဖြေရှင်းပေးရန် WAG အဖွဲ့အား အကူအညီတောင်းခံခဲ့ပြီးနောက် အလုပ်သမားများစုပေါင်း၍ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်)တွင် ဩဂုတ်လ ၆ ရက်က အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
WAG အဖွဲ့မှ ကိုမုန်တိုင်းက “ကျနော်တို့ အလုပ်သမားတွေနဲ့ စုပေါင်းပြီး သွားရောက်တိုင်ကြားတဲ့အချိန်မှာ အလုပ်သမားရုံးကလည်း ဒီလောက်လကြာပြီဆိုတော့ အလုပ်သမားတွေကို ငဲ့ပါတယ်။ အလုပ်ရှင်ကို ချက်ချင်းဖုန်းဆက်ပြီး ပြောပေးတယ်။ အလုပ်သမားတွေကို ချက်ချင်းပိုက်ဆံပေးဖို့ တိုက်တွန်းတယ်။ မပေးဘူးဆိုရင် တရားရုံးကို အမှုတင်မယ်လို့ ပြောပေးခဲ့တယ်” ဟု ပြောသည်။
အလုပ်သမားများရရှိမည့် ငွေကြေးမှာ အမျိုးသားများအနေဖြင့် လုပ်အားခ ဘတ် ၅၀၀၀၀ မှ ၈၀၀၀၀ အထိ၊ အမျိုးသမီးများက ဘတ် ၃၀၀၀၀ ကျော်အထိ ရရန်ရှိနေကြောင်း ၎င်းကဆိုသည်။
လုပ်အားခမရသော ကာလအတွင်း အလုပ်သမားများသည် အလုပ်ရှင်ပေးထားသော နေရာတွင်ပင် နေထိုင်ကြပြီး နီးစပ်ရာ ပုတ်ပြတ်အလုပ်များကို လုပ်ကိုင်၍ စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း အလုပ်သမားများထံမှ သိရသည်။
အလုပ်သမားတဦးက “ လောလောဆယ် ကျနော်တို့ အလုပ်သမားတွေက အလုပ်ရှင်ရဲ့ တိုက်လေးတွေ လိုက်ဆောက်တဲ့နေရာတွေ မြေလွတ်တွေရှိတဲ့နေရာတွေမှာ ကပ်နေပြီး အဲဒီအနီးပတ်ဝန်းကျင်တွေမှာပဲ ရတဲ့အလုပ်ကိုလုပ်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတယ်။ ပိုက်ဆံရဖို့ကိုလည်း စောင့်နေတာ လစာတွေကလည်း မနည်းဘူးဆိုတော့လေ “ ဟု ပြောသည်။
အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားပြီးနောက် အလုပ်ရှင်က ယခုလအတွင်း လုပ်အားခများကို ပြန်လည်ပေးမည်ဟု ပြောဆိုလာခဲ့သဖြင့် ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း နှင့် မပေးပါက တရားရုံးသို့ ဆက်လက်အမှုတင်သွားမည်ဖြစ်ကြောင်း အလုပ်သမားများနှင့် WAG အဖွဲ့က ပြောသည်။
အလားတူ ထိုင်းနိုင်ငံ နန်းကော့ပထုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ထိုင်းအလုပ်ရှင်သူဌေးမှ လုပ်ခလစာရှင်းမပေးသည့်အပြင် PJ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်တို့ကို သိမ်းဆည်းထားကြောင်းလည်း သိရသည်။
You may also like these stories:
ထိုင်းရောက် MoU လုပ်သား ၁၀၀ကျော် လစာ မရ၍ စားဝတ်နေရေးခက်ခဲ
ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ