အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျဆုံးပြီး ဟိုင်ဂင်ဆွေးနွေးပွဲကျင်းပရန် ကြန့်ကြာနေချိန် စစ်ခေါင်းဆောင်ထံ တရုတ် အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း စစ်ခေါင်းဆောင်ထံ ယမန်နေ့က လာရောက်တွေ့ဆုံ၍ ပြည်တွင်း ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ သံတမန်ဆက်ဆံရေး၊ အွန်လိုင်းလောင်းကစား ငွေကြေးလိမ်လည်မှုများအား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ရှမ်းမြောက်ဒေသ အပစ်အခတ် ရပ်စဲရေး ဟိုင်ဂင်ဆွေးနွေးပွဲကို ဇူလိုင်လကုန်ပိုင်းက ကျင်းပရန် စီစဉ်ထားသော်လည်း ဩဂုတ် ၈ ရက်သို့ ရွှေ့ခိုင်းခဲ့သည်ဆိုသော သတင်းများထွက်ပေါ်နေစဉ် တရုတ်အထူးကိုယ်စားလှယ်က နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နိုင်ငံတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းများ ချမှတ် အကောင်အထည်ဖော်နေမှုနှင့် ရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်းလည်း စစ်ကောင်စီ သတင်းများက ဆိုထားသည်။
တရုတ်အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေမှုအား ရပ်တန့်ရေးနှင့် ညွှန့်ပေါင်းအစိုးရ တရပ်ဖွဲ့စည်းကာ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးများ ဖြစ်ပေါ်လာရေး ဖိအားပေး ဆွေးနွေးခဲ့ ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ဟိုင်ဂင်ကို စစ်ကောင်စီဘက်က မတက်တဲ့အခါကျတော့ တရုတ်ကလည်း သဘောပေါက်တာပေါ့လေ။ မင်းအောင်လှိုင် စိတ်ကောက်သွားပြီလို့ ယူဆတာကြောင့် နားချဖို့လွတ်လိုက်တာလို့ မြင်ပါတယ်။ တရုတ်ဘက်က ဖြစ်စေ ချင်တာကတော့ မင်းအောင်လှိုင်အနေနဲ့ တင်းမာတဲ့သဘောထားနဲ့ စစ်ပွဲအတွက်ပြင်ဆင်တာ၊ အကြမ်းဖက်တာတွေ ရပ်ပြီးတော့ ညင်သာ ပျော့ပျောင်းတဲ့ ညွှန်ပေါင်းအစိုးရ တရပ်ဖွဲ့ နောက်ပြီးတော့ ဖြစ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်ပေးပေါ့။ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ် ပေါ်ပေါက်လာဖို့ တရုတ်ကဆွေးနွေးပြောဆိုမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
နယ်စပ်ဒေသတိုက်ပွဲများရပ်တန့်ရေး ဟိုင်ဂင်ဆွေးနွေးပွဲများအား ကြားခံကျင်းပပေးနေသည့် တရုတ်အစိုးရအနေဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့ကိုလည်း တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးမှုများရှိကြောင်းလည်း စစ်ရေးလေ့လာသူအချို့က ပြောသည်။
လက်ရှိတွင် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အား မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ပူပေါင်းတပ်က သိမ်းပိုက်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့က နယ်မြေထိန်းချုပ်ခွင့်ရရေး ဦးတည် ဆွေးနွေးမည်ကို စစ်ကောင်စီဘက်က မလိုလားသည့်အတွက် ဟိုင်ဂင်ဆွေးနွေးပွဲ မတက်ရောက်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။
စစ်ကောင်စီဘက်မူ ဟိုင်ဂင်ဆွေးနွေးနှင့်ပတ်သက်ပြီး လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့်အတွက် နယ်မြေကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ထိုလုပ်ငန်းများပြီးမှသာ ငြိမ်းချမ်းရေးကိစ္စများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းသာ တုံ့ပြန်ထားသည်။
လက်ရှိ MNDAA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် လားရှိုးမြို့အတွင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မ တော်(UWSA) တပ်ဖွဲ့ဝင်များ တန့်ယန်း-မိုင်းရယ်ဘက်ကတဆင့် ထပ်မံအင်အားဖြည့်ဝင်ရောက်မှုများရှိနေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားကြသည်။
UWSA တပ်များသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ စတင်ချိန်တွင် စစ်ကောင်စီနှင့်ညှိနှိုင်းကာ တန့်ယန်းမြို့သို့ ဝင်ရောက်နေရာယူပြီးနောက် ဇူလိုင် ၂၇ ရက်တွင် လားရှိုးမြို့ရှိ ဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများအား ကာကွယ်ရန်ဟုဆိုကာ လားရှိုးမြို့တွင်းသို့ တပ်ဖွဲ့ဝင်များအလုံးအရင်းဖြင့် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
You may also like these stories:
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR