ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်မှ ယခုနှစ် ဩဂုတ်လ ၇ ရက်အထိ နှစ်နှစ်ကျော် ကာလအတွင်း ပို့ကုန်ရငွေ ကြွေးကျန်များကို ယခုနှစ် နိုဝင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းခြင်းမရှိပါက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့တွင် ထုတ်ပြန်သည်။
ထို့ပြင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလအတွင်း ပို့ကုန်ကုမ္ပဏီ ၁၀၇ ခု၏ လိုင်စင်များကို စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရုတ်သိမ်းလိုက်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ဗဟိုဘဏ်၏ သတ်မှတ်ကာလအတွင်း ပေးသွင်းမည်ဆိုပါက ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေပမာဏကို ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “ပြီးခဲ့တဲ့ တနေ့ကတော့ ပို့ကုန်ရငွေကို ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း စပြီးတော့ အကျိုးခံစားခွင့် ပေးတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် မကိုက်ဘူး။ ဗဟိုဘဏ်ကနေ သွားတဲ့ ဈေးက ၃၀၀၀ ကျပ်ကျော်၊ သတ်မှတ်ဈေးက ၂၁၀၀ ကျပ်၊ အပြင်မှာ ပေါက်တာက ၅၀၀၀ ကျော်ပေါ့။ ဘယ်သူမဆို ကိုယ့် နိုင်ငံခြားငွေကို အများဆုံးရတဲ့ ဈေးနဲ့ပဲ ရောင်းချင်ကြတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ပို့ကုန်ရငွေအပေါ် ယခုကဲ့သို့ ထိန်းချုပ်ထားခြင်းများကြောင့် တင်ပို့မှုကဏ္ဍတွင် လျော့ကျလာခြင်းများရှိလာကြောင်း ကုန်သည်များထံက သိရသည်။
အထက်ပါလုပ်ငန်းရှင်က “ဒါက အရင်စဖြတ်တဲ့ ၁ ဒေါ်လာ ပြင်ပပေါက်ဈေး ၂၀၀၀ ကျပ်ကျော်ထဲက တောင်းတာကို အခုမှ လုပ်ပေးတော့ ဒေါ်လာဈေးက ကွာသွားပြီလေ။ အဲဒီတော့ ငွေလဲလှယ်နှုန်းနေရာမှာ အဆများစွာ ကွာသွားတော့ သူတို့လုပ်ပေးလည်း အသက်ရှုချောင်ရုံအဆင့်ပဲ၊ အဆင်ပြေတဲ့ အဆင့် မရောက်ဘူး။ အခုချိန်မှာ ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးရတော့မှာ”ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဗဟိုဘဏ် online Trading ဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၃၃၈၀ ကျပ်ဝန်းကျင်ရှိပြီး ပြင်ပဒေါ်လာပေါက်ဈေးမှာ ၆၀၀၀ ကျော်အထိ မြင့်တက်နေကြောင်း သိရသည်။
You may also like these stories:
ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်ရေး လျှော့ချမှုက ကုန်သည်များအတွက် မထူးခြား
နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ
ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR