ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ရာ မြို့တော် စစ်တွေကို ဩဂုတ်လ ၁ ရက်မှ စတင်ကာ ခြံစည်းရိုးများ ကာနေကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ခံတဦးက ” စစ်တွေကမ်းနားလမ်း အာရီယာန် စားသောက်ဆိုင်အနီးက ပွိုင့်ကမ်းခြေတလျှောက် မြို့ပတ်လည်ကို စစ်ကောင်စီ သံဆူးကြိုး ခြံခတ်ဖို့ ကွန်ကရစ်တိုင်တွေ စိုက်နေတယ်။ စစ်ကောင်စီ ဘာကြံနေလဲတော့ အတိအကျ မသိဘူး။ သံဆူးကြိုးမှာ လျှပ်စစ်တွေလွှတ်ပြီး မြို့ခံတွေကိုလည်း ပိတ်ထားမယ်။ AA လည်း အလွယ်တကူ မဝင်နိုင်အောင် လုပ်တာလို့ပဲ ခန့်မှန်းကြတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော် ( AA )နှင့် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ မြို့တော် စစ်တွေကို ရေလမ်း၊ ကုန်းလမ်းစသောလမ်းကြောင်းများ ပိတ်ဆို့ထားပြီး လက်ရှိအချိန်တွင်လည်း ပင်လယ်ကမ်းစပ် တလျှောက် ခြံစည်းရိုးထိုးခြင်းအပါအဝင် ချောင်းစပ် ကမ်းစပ် ဝင်ပေါက်များ၌ မိုင်းများ ထောင်ထားကြောင်း မြို့ခံများက ပြောသည်။
စစ်တွေမြို့ မင်းဂံရပ်ကွက်နေ မြို့ခံတဦးက ” စစ်တွေ အနေအထားက ညဘက်ဆို လူဖမ်းတယ်။ တနေ့ကဆိုလည်း ကန်တော်ကြီးရပ်ကွက်ထဲကို တညတည်း ၂ ကြိမ်တိုင်တိုင် ဝင်ဖမ်းတယ် ။ မြို့ခံတွေကတော့ စားမဝင် အိပ်မပျော်ဘဝနဲ့ ရှင်သန်နေရတာ။ မြို့က ထွက်ပြေးဖို့လည်း သူတို့ ပိတ်ဆို့ထားလို့ ပြေးလမ်းမရှိဘူ “ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြေအနေတွင် စစ်ကောင်စီသည် စစ်တွေတပ်နယ်တခုလုံးကို မွတ်စလင် ပန်းရံ ဆရာများခေါ်ယူပြီး နေ့ဆိုင်း ညဆိုင်းဖြင့် ဘန်ကာများ အခိုင်အမာတည်ဆောက်ခြင်း၊ အုတ်တံတိုင်းများ အထပ်ထပ် အခိုင်အမာ တည်ဆောက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
စစ်တွေမြို့မှ ရေလမ်း ကုန်းလမ်းတို့ကို ပိတ်ဆို့ထားသော်လည်း ပြည်မသို့ ထွက်ခွာရန် လေကြောင်းတခု ခွင့်ပြုထားရာ ယခုလဆန်းပိုင်းမှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများကို လေကြောင်းဖြင့် သွားလာခွင့် ကန့်သတ် ပိတ်ပင်လိုက်ကြောင်း စစ်တွေမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများထံက သိရသည်။
အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ” စစ်ကောင်စီက အခုတလော ဝန်ထမ်းတွေကို ပြည်မဘက်ကို သွားလာခွင့် လုံးဝမပြုတော့ဘူး ။ လေဆိပ်မှာကို စစ်ဆေးရေး တင်းကျပ်ထားတယ် ။ မှတ်ပုံတင်ကို ကြည့်တယ်။ ဝန်ထမ်းလို့ပါရင် လေဆိပ်ကနေ လှည့်ပြန်ခိုင်းတယ် ။ အခု ဝန်ထမ်းဘဝက တရားမဝင် နိုင်ငံသားလို ဖြစ်နေတယ် “ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် မေလကုန်ပိုင်း၌ ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဗျိုင်းဖြူကျေးရွာအတွင်း စစ်ကောင်စီက ရွာသား ၄၀ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။
You may also like these stories:
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်
စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ