ရှမ်းပြည်နယ်၊ သီပေါမြို့သိမ်းတိုက်ပွဲ၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၅ ရက်တာ အတွင်း အရပ်သား ၁၁ ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
၎င်းက “ မနေ့ကအထိ သီပေါမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးသွားတယ်၊ ၁၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်၊ အဲဒီအထဲမှာ သီလရှင်တပါး ပါတယ်၊ ကလေးငယ်တွေလည်းပါ တယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ အကြိမ်ရေ ၅၀ အထက်ရှိပါတယ်” ဟု ပြောသည်။
စစ်တပ်က ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ နေ့စဉ်ပစ်ခတ်လျက်ရှိရာ သီပေါမြို့နယ် ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံရွာနှင့် နမ့်ပေါ့ချောင်တို့တွင် လေကြောင်းနှင့် လက်နက်ကြီးကျည်များ ကျရောက်ကာ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ရသလို တိုက်ပွဲများကြောင့် သီပေါမြို့ခံများမှာလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံမြို့တို့ဘက်သို့ စစ်ဘေးတိမ်းရှောင်နေရကြောင်းလည်း TNLA ကပြောသည်။
သီပေါမြို့၌ TNLA ပူးပေါင်းတပ်များနှင့် စစ်တပ်တို့အကြား ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြို့ထဲရှိ စစ်ကောင်စီတပ်စခန်းများမှာ မြို့ပြင် တပ်ရင်းများသို့ ဆုတ်ခွာသွားသောကြောင့် TNLA ဘက်မှ မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့သလို သီပေါအကျဉ်းထောင်ကိုလည်း ဖွင့်ပေးခဲ့သောကြောင့် အကျဉ်းသားများ လွတ်မြောက်ခဲ့သည်။
TNLA သည် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည်နှင့် တပြိုင်နက် နောင်ချိုမြို့ တောင်ဘက် အမြောက်စခန်း ကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အခြေစိုက်ရာ တောင်းခမ်းဘက်သို့ ဦးတည် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်။
တောင်းခမ်းသို့ ဦးတည်သည့် TNLA ပူးပေါင်းတပ်သည် နောင်ချိုနှင့် တောင်းခမ်းကြား ရွှေမုဌောကျေးရွာအုပ်စု၊ နောင်လိတ်ရွာ ပတ်ဝန်းကျင်ရှိ စစ်တပ်ရှေ့တန်းကာကင်းစခန်းများနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်တွင်ရှိသည့် တောင်းခမ်းမြို့တွင် အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့်အတူ ၎င်းလက်အောက်ခံ အမြောက်တပ်ရင်းသုံးရင်း( အမတ-၃၅၄၊ အမတ-၂၀၆၊ အမတ-၄၀၆)လည်း အခြေစိုက်ထားသည်။
ထိုတောင်းခမ်းမြို့အား ကာကွယ်ရန် စစ်တပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းဘက်က တပ်ရင်းအချို့ထုတ်နုတ်ကာ စစ်ကူဖြည့်တင်းထားရပြီး အမြောက်တပ်များထဲကလည်း ပစ်ကူပေးလျက်ရှိကြောင်းသိရသည်။
TNLA ၏ ထုတ်ပြန်ထားချက်အရ နောင်ချို-တောင်းခမ်းတလျှောက်တိုက်ပွဲများတွင် မစခ-၉၀၂ တပ်၊ တပ်မ(၉၉) လက်အောက်ခံ ခမရ-၃၀၂ တပ်ရင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ-၃၂၅ တပ်ရင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ-၃၀၆ တပ်ရင်းတို့ ပါဝင်ကြောင်း သိရသည်။
တောင်းခမ်းမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ဆက်စပ်နေသည့်အတွက် တောင်းခမ်းမှတဆင့် ကျောက်ဂူ၊ အင်တော၊ ရပ်စောက်လမ်းကြောင်းတလျှောက် တိုက်ပွဲများဖြစ်လာနိုင်ကြောင်းလည်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
ထိုလမ်းကြောင်းသည် ရပ်စောက်ကတဆင့် ရပ်စောက်-တောင်ကြီး၊ ရပ်စောက်-ပင်းတယ၊ အောင်ပန်း၊ ကလောအထိလည်း ဆက်သွယ် သွားလာနိုင်သည်။
You may also like these stories:
တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်