ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ ဂျိတ္တောကျးရွာတွင် အာရက္ခတပ်တော် (AA) အား ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း တပ်ဖျက်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ငပလီမြို့ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့မှာ AA လက်ထဲကျရောက်သွားပြီးနောက်ပိုင်း အဆိုပါတပ်ရင်းများမှ စစ်ကောင်စီတပ်သားများနှင့်အတူ စစ်ကူတပ်ဖွဲ့ဝင်တို့မှာ ဇူလိုင် ၁၇ ရက်ကတည်းက ဂျိတ္တော ကျေးရွာသို့ ဝင်ရောက်ကာ ခံစစ်ပြင်နေခဲ့ခြင်း ဖြစ်သည်။
ငပလီမြို့ခံတဦးက ” ဂျိတ္တောမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်တွေကို နီးစပ်ရာကျေးရွာလူကြီးတွေဆီမှာ အပ်ပြီးတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးသူတွေက ပြေးကြတယ်။ တချို့ကလည်း စက်လှေတွေနဲ့ မောင်ရွှေလေး ရေတပ်စခန်းကို ပြေးကြတာလည်း ရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
AA သည် သံတွဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂျိတ္တောသို့ တပ်ဆုတ်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ဝိုင်းပတ် ပိတ်ဆို့ ထားပြီး ဂျိတ္တောကျေးရွာ တဘက်ကမ်းရှိ မောင်ရွှေလေးနှင့် ကွင်းဝိုင်း ရေတပ်စခန်းသို့ ပြေးလမ်းဖွင့်ပေးထားခဲ့ကြောင်း AA နှင့်နီးစပ်သူများထံမှ သိရသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ” သံတွဲဘက်မှာတော့ နောက်ဆုံးလက်ကျန် မောင်ရွှေလေးနဲ့ ကွင်းဝိုင်းရေတပ်စခန်း ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဟာ ဆက်လက်ပြီးတော့ ပြင်းထန်နေတယ်။ အဲဒီရေတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး အတွက် ကျနော်တို့ အာရက္ခတပ်တော်က ဆက်လက်ပြီးတော့ ချေမှုန်းတိုက်ခိုက်နေတာ ရှိပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ငပလီကမ်းခြေ ဂျိတ္တောကျေးရွာရှိ စစ်ကောင်စီတပ်သားများ တပ်ဆုတ် ပြေးသွားသော်လည်း တဘက်ကမ်း သပြုချိုင်ရှိ မောင်ရွှေလေးနှင့် ကွင်းဝိုင်းရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများ ကမ်းထိုးရေယာဉ်များဖြင့် ဝင်ရောက်လာနိုင်သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လာနိုင်သည့်အတွက် ဂျိတ္တောဒေသခံများအနေဖြင့် ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
You may also like these stories:
ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်
AA ထိန်းချုပ်မှုအောက် သံတွဲမြို့ ရောက်ပြီဟုဆို
ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ