ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အနီးဝန်းကျင်အား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့နှင့် ၂ မိုင်ခန့်အကွာ တောင်ကုတ်-မအီကားလမ်းဘေးရှိ မီးချောင်းထိုးရွာ၊ ရွှေကွမ်းစပ်ရွာ၊ တောင်ကုတ်မြို့နှင့် ၇ မိုင်ခန့်အကွာ မိုးတောင်ရွာတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ မီးချောင်းထိုးကျေးရွာမှ အသက် ၂၇ နှစ် အရွယ် ကလေးမိခင်တဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူများရှိသလို နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း တောင်ကုတ်ဒေသခံတဦးက ပြောသည်။
၎င်းက “မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ မီးချောင်းထိုးရွာက ထမင်းချက်နေတဲ့ အမျိုးသမီး တယောက် နေရာမှာ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ၆ ယောက်လောက်ရှိတယ်။ တိုက်ပွဲမဖြစ်ဘဲ ဒီအတိုင်းလာကြဲတာ”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ဩဂုတ်လ ၉ ရက်မှ စတင်ကာ တောင်ကုတ်မြို့ကို ခံတပ်သဖွယ် ပြုလုပ်ပြီး မြို့ဝင်မြို့ထွက်ကို ပိတ်ဆို့ထားကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တည်ရှိပြီး ၎င်း၍ လက် အောက်ခံ ခမရ ၃၄၆၊ ခမရ ၅၄၄ တပ်ရင်းအပါအဝင် အထိုင်ချစခန်းတို့မှ မကြာခဏဆိုသလို မြို့အနီးရှိ တောင်တန်းများသို့ လက်နက်ကြီးများ ပစ်ခတ်ကြောင်း သိရသည်။
တောင်ကုတ်မြို့ခံတဦးက “စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက အခု မြို့ဝင်မြို့ထွက်ကို လုံးဝ ပိတ်ဆို့ထားတယ်၊ မြို့ခံတွေကိုလည်း မြို့က ထွက်ခွင့် မပေးဘူး။ တောင်ကုတ်တက္ကသိုလ်ထဲမှာလည်း လက်နက်ကြီးတွေ ထိုင်ထားတယ်။ သူတို့ မြို့ကို ခံစစ်အမာခံ လုပ်ပြီး AA ထိုးစစ်ကို ခုခံဖို့ ပြင်ဆင်နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကုတ်မြို့အရပ်လေးမျက်နှာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၄ ခု ရှိပြီး မြောက်ဘက်တွင် တက္ကသိုလ် မောင်းတန်ဂိတ် ၊ တောင်ဘက်တွင် ဖုန်ညို စစ်ဆေးရေးဂိတ် ၊ အရှေ့ဘက်တွင် ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်နှင့် အနောက်ဘက်တွင် ရေယာဉ် ဆိပ်ကမ်း စစ်ဆေးရေး ဂိတ်များဖြင့် မြို့ကို ပိတ်ဆို့ထားကြောင်း သိရသည်။
လတ်တလောတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်တောင်ပိုင်းက သံတွဲမြို့ပေါ်ကို အလုံးစုံ သိမ်းပိုက်ပြီး ငပလီ ကမ်းခြေတခုလုံးကိုလည်း ထိန်းချုပ်ထားကာ ဂျိတ္တောတဖက်ကမ်းရှိ မောင်ရွှေလေးရေတပ်စခန်းနှင့် ကွင်းဝိုင်းရေတပ်စခန်း တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
You may also like these stories:
တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ
AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ