ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လူဦးရေသောင်းချီသော စစ်ရှောင်စခန်းများတွင် အရေပြားရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ရှောင်ဦးရေ သောင်းချီရှိနေပြီး ခိုလှုံနေကြသူအများစုမှာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့ခံများဖြစ်ကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ပြောသည်။
အဆိုပါ စစ်ရှောင်များမှ တချို့သည် ပြီးခဲ့သော နွေရာသီကတည်းက အရေပြားရောဂါကူးစက်မှုကို ခံနေရပြီး လက်ရှိအချိန်အထိ ရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရှောင်တဦးက ပြောသည်။
၎င်းက “အရေပြားရောဂါဖြစ်တာက နွေရာသီကတည်းကပါ။ ကျနော်လည်း ဖြစ်ခဲ့တယ်။ အသီးလေးတွေ စ ပေါက်တယ်၊ ယားလို့ကုပ်ရင် ချက်ချင်း ပြည်တည်လာတယ်။ ယာနာဆေးတွေ လိမ်းလိုက်တော့ တပတ်လောက်ဆို ပျောက်သွားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ရှောင်များထဲတွင် ကလေးငယ်များအပါအဝင် လူ ၁၅၀ ကျော် အရေပြားရောဂါ ခံစားနေရပြီး တချို့မှာ ဆေးခန်းပြကြသူများရှိသလို အများစုမှာ နီးစပ်ရာဆေးမြီးတိုများဖြင့်သာ ကုသနေရကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းတဦးက “ပုဏ္ဏားကျွန်းမြို့နယ်မှာက စစ်ရှောင်လူဦးရေ တော်တော်များတယ်။ လူနေထူထပ်တဲ့အခါ ပတ်ဝန်းကျင်သန့်ရှင်းမှုတွေ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းချက်တွေကြောင့် အရေပြားရောဂါဖြစ်တာလို့ ယူဆရတယ်။ နွေရာသီကတည်းက သန့်ရှင်းတဲ့ရေကို မရကြဘူး။ ချောင်းတွေ မြောင်းတွေကပဲ ရေကိုသုံးကြတယ် ။ အခုမိုးရာသီလည်း ရေတွင်း ရေမြောင်းတွေကို နွံတွေ ဝင်တော့ သောက်သုံးရေတွေ မသန့်ရှင်းကြလို့ အခုလို အရေပြားရောဂါအဖြစ်များတာ ဖြစ်မယ် “ဟု ဧရာဝတီသို့ ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဝင်ရောက်ခိုလှုံနေသည့် စစ်ရှောင်များသည် နီးစပ်ရာ ဆွေမျိုးသားချင်းများရှိရာ ကျေးရွာများနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် အများဆုံး နေထိုင်ကြကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေး ရှုံးနိမ့်နေသည့်အတွက် အရပ်သားများနှင့် ဆေးရုံ ဆေးခန်းများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဆေးရုံ၊ ဆေးခန်းများ ပုံမှန် မလည်ပတ်နိုင်တော့၍ ရခိုင်မြောက်ပိုင်းရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရရှိကြောင်း ရခိုင်ပြည်သူများက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးများလုပ်ဆောင်ရန် ကန့်သတ်မှုများ ရှိနေသောကြောင့် ကျန်းမာရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)က ယခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ရခိုင်မြောက်ပိုင်းမှာ အမှန်တကယ် ဘာတွေ ဖြစ်နေသလဲ
စစ်အာဏာရှင်စနစ်နဲ့ မလာဘံနိုင်တဲ့ အာရောဂျံ