ထိုင်း အစိုးရက အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ ထည့်ဝင် အသုံးပြုမယ့် ဒစ်ဂျစ်တယ် ငွေကြေး (Digital Wallet) ထောက်ပံ့မှု အစီအစဉ် ပထမ အဆင့်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင် လိုက်ပါတယ်။
အစီအစဉ်အရ မသန်စွမ်းသူတွေ အပါအဝင် လူပေါင်း ၄၅ သန်းခန့်ကို တဦးလျှင် ဘတ် ၁၀၀၀၀ စီ ဖြန့်ဝေ ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ အစီအစဉ်ဟာ နိုင်ငံ့စီးပွားရေး မြှင့်တင်ဖို့ နဲ့ ပြည်သူတွေရဲ့ ငွေကြေး သုံးစွဲမှု တိုးမြင့်လာစေဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ကနဦး အဆင့်မှာ လူမှုဖူလုံရေးကတ် ကိုင်ဆောင်သူတွေနဲ့ မသန်စွမ်းသူ ၁၄ ဒသမ ၅ သန်းခန့်ကို ဘတ် ၁၀၀၀၀ စီ ဖြန့်ဝေ ပေးသွားမှာဖြစ်ပြီး အခုလကုန်မှာ ကနဦးအဆင့် ပြီးမြောက်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း ပြောကြားပါတယ်။
Digital Wallet အစီအစဉ်ဟာ ကနဦးအနေနဲ့ စမတ်ဖုန်း အပလီကေးရှင်း မှတဆင့် ထောက်ပံ့ ငွေကြေးတွေ ဖြန့်ဝေ သွားဖို့ စီစဉ်ထားကာ ၆ လအတွင်း အဆိုပါ ငွေကြေးတွေကို ဒေသတွင်းမှာ သုံးစွဲသွားနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို ဖွေ့ထိုင်း ပါတီက ၎င်းတို့ရဲ့ စီးပွားရေး တိုးတက်မှု လှုံ့ဆော်ရေး ပေါ်လစီရဲ့ အဓိက အစီအစဉ် အနေနဲ့ တင်ပြခဲ့တာဖြစ်ပြီး လူပေါင်း ၄၅ သန်းကို ဒီဂျစ်တယ် ငွေကြေးအဖြစ် ဘတ် ၁၀၀၀၀ စီ ဖြန့်ဝေ ပေးသွားနိုင်ဖို့ ဘတ်ဂျက် အဖြစ် ဘတ်ငွေ ၄၅၀ ဘီလီယံ တောင်းခံခဲ့တယ် လို့လည်း သိရပါတယ်။
နောက်ထပ် အစီအစဉ်တွေလည်း ရှိလာဦးမှာဖြစ်ပြီး Digital Wallet ပေါ်လစီကို ဆက်လုပ်သွားမယ် လို့လည်း ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ရဲ့ သမီးဖြစ်သူ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာက ပြောကြားတယ်လို့ ဆိုပါတယ်။
Digital Wallet အစီအစဉ်နဲ့ ပတ်သက်ပြီး ထိုင်းဘဏ် (BOT) အကြီးအကဲဟောင်း နှစ်ဦး အပါအဝင် စီးပွားရေး ပညာရှင်တွေက ဘဏ္ဍာရေးဆိုင်ရာ တာဝန်မဲ့မှုလို့ ဝေဖန်ကြတာလည်း ရှိပါတယ်။
အစိုးရက ထိုဝေဖန်ချက်ကို ငြင်းဆိုထားပေမယ့် အစီအစဉ်အတွက် ရန်ပုံငွေ ရှာဖွေဖို့ကိုတော့ ရုန်းကန် နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့မှု အစီအစဉ် ဒုတိယ အသုတ်ကို အရစ်ကျ စနစ်နဲ့ ပြုလုပ်သွားဖွယ် ရှိတယ် လို့လည်း သတင်း တချို့မှာ ရေးသား ဖော်ပြထားပါတယ်။
အရှေ့တောင် အာရှရဲ့ ဒုတိယ စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံဟာ ဒီနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာဖို့ မျှော်လင့်နေကြောင်း၊ မနှစ်က ဒေသတွင်း နိုင်ငံတွေထက် လျော့နည်းစွာ စီးပွားရေး ဖွံ့ဖြိုးမှု ၁ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း သိရပါတယ်။
Ref : Bangkok Post