ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့နယ်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံထဲသို့ ရေဝင်နေမှုကြောင့် စက်ရုံနှစ်ခု လည်ပတ်မှုရပ်နားထားရသည်ဟု ဒေသခံများထံက သိရသည်။
မိုးဗြဲရေကာတာ ဆည်ရေများတောက်လျှောက်လွှတ်ချနေမှုကြောင့် ကရင်နီပြည်ရှိ လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ မိုးဗြဲ ၊ဖယ်ခုံ စသည့်မြို့နယ်များတွင် ပြီးခဲ့သည့်စက်တင်ဘာ ဒုတိယအပတ်ကတည်းက ရေကြီးမှုများစတင်ခဲ့ပြီး လက်ရှိအချိန်ထိ ရေကြီးမှုဒဏ်ကို ကြာမြင့်စွာ ခံစားနေကြရသည်။
ယင်းသို့ ဆည်ရေများ လွှတ်နေမှုကြောင့် လွိုင်ကော်မြို့နှင့် ၁၀ မိုင်အကျော်၌ တည်ဆောက်ထားသည့် လောပိတရေအား လျှပ်စစ်စက်ရုံဝင်းအတွင်းထိ ရေများဝင်ရောက်လာနေပြီး စက်ရုံ အမှတ် ၂ နှင့် အမှတ် ၃ ကို ရပ်နားထားကြောင်း သိရသည်။
လွိုင်ကော်ရှမ်းစုရပ်ကွက်မှ ဒေသခံတဦးက “လောပိတစက်ရုံ နံပါတ်၂ လေ၊ ဂျပန်ဆောက်ထားခဲ့တဲ့စက်ရုံက ရေဝင်တဲ့အတွက် အောက်ခြေမှာ သဲအိတ်ပိတ်ပြီး ရေစုပ်ထုတ်နေရတယ်။ မလည်ဘဲ ရပ်ထားရတယ်။ အမှတ်၁ ပဲ လည်နေတယ်။ အမှတ်၃ လည်း ရပ်ထားရတယ်။ ရေဝင်နေတာက ရက်ပိုင်းလောက်ရှိနေပြီလို့သိရတယ်”ဟု ပြောသည်။
ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(လောပိတ)သို့ ရေဝင်ရောက်မှုကြောင့် ယမန်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသွားရောက် စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဘီလူးချောင်းရေမြင့်တက်သဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှတဆင့် စက်ရုံအတွင်း ရေများဝင်ရောက်မှု အခြေအနေများကို စက်ရုံတာဝန်ခံများက ရှင်းလင်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် Switch Yard နှင့် စက်ရုံဝင်းအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက်သဲအိတ်များ ကာရံထားရှိမှုအခြေအနေများနှင့် ဘီလူးချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ရေထိန်းတမံအသစ် ပြန်လည်တည်ဆောက်နိုင်ရန်၊ ရေစီးလမ်းကြောင်းများ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်နှင့် စက်ရုံအတွင်းထပ်မံ၍ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် သဲအိတ်များထပ်မံတိုးမြှင့် ကာရံထားရန်၊ ရေများအမြန်ဆုံးပြန်လည် စုပ်ထုတ်နိုင်ရေး ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် အမှတ်(၁)စက်ရုံနှင့် အမှတ်(၂)စက်ရုံတို့အကြား ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေလွှမ်းဧရိယာ ဖြစ်ပေါ်နေမှုအခြေအနေများနှင့် ယင်းနေရာများမှ စက်ရုံများသို့ ရေတိုက်စားစီးဆင်းမှု မရှိစေရေးဆောင်ရွက်နေသည့် တာအသစ်တည်ဆောက်နေမှုနှင့် တာတမံအဟောင်းပြန်လည်ပြုပြင်နေမှုတို့အား သွားရောက်ကြည့်ရှုခဲ့သည်ဟု ဖော်ပြထားသည်။
ကရင်နီစစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသမီးတဦးက “စက်ရုံထဲရေဝင်နေလို့ ရွာတွေထဲ ပြန်ဖောက်ချတာ ပြောင်းခြံတွေ ရေမြုပ်ကုန်တယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ရေကြီး ရေလျှံမှုဖြစ်နေရာ အဆိုပါရေများ စီးဆင်းရာ လမ်းကြောင်းရှိ မိုးဗြဲရေကာတာကို တောက်လျှောက်လွှတ်ပေးနေသောကြောင့် ကရင်နီပြည်၌ ရေကြီးနေခြင်းဖြစ်ကာ ရေများပြန်ကျနိုင်ရန် လချီကြာမည်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
You may also like these stories:
ကရင်နီပြည် ရေကြီးမှု လချီကြာနိုင်
လွိုင်ကော်ရေဘေး ကူညီကယ်ဆယ်ရေး စစ်ကောင်စီ ပိတ်ထား