စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများပြားပြီး ၄၀ ကျော် အရှင်ဖမ်းမိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သော 96 Soldiers တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဉာဏ်က ပြောသည်။
၎င်းက “အရှင်ဖမ်းမိတာ ၄၀ ဝန်းကျင်။ အသေအပျောက်ကတော့ ၅၀ ပတ်ချာလည်လောက်တော့ရှိမယ်။ ဒီဘက်အညာဒေသရဲ့ အောက်ဘက်ခြမ်းမှာဆိုရင်တော့ ထွက်လာတဲ့စစ်ကြောင်းကို လုံးဝ အထိုင်ပျက်သွားအောင် လုပ်နိုင်ခဲ့တဲ့အခြေအနေက ပထမဦးဆုံးလို့ ပြောလို့ရတယ်” ဟု ဆိုသည်။
အင်အား ၁၂၀ ခန့် ပါဝင်သည့် အဆိုပါစစ်ကြောင်းအား 96 Soldiers တပ်ဖွဲ့နှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ ပူးပေါင်းကာ စီပေါရွာနှင့် ကျွဲသေချောင်းရွာကြား၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုတွင် စစ်တပ်ထံမှ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးနေသည့် စစ်သားများနှင့် အရှင်ဖမ်းမိ ထားသော စစ်သားများကိုလည်း ရုပ်သံမှတ်တမ်းများ၌ တွေ့ရသည်။
တိုက်ပွဲအတွင်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူပေးခဲ့သော်လည်း စစ်ကြောင်းပျက်သည်အထိ အထိနာခဲ့ပြီး လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စစ်သားအချို့ ရှိနေသည့်အတွက် အနီးအနားပတ်ဝန်းကျင် ပြည်သူများအား သတိပေးထားရကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် စက်တင်ဘာ ၂၀ ရက်က ဒေသတွင်းကာကွယ်ရေးအဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သော ကူတော်ရွာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကူစေလွှတ်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်း ရဲဘော်သစ်များလည်း ပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထိုစစ်ကြောင်း စစ်ကူဝင်ရောက်လာစဉ်က ကျွဲသေချောင်းရွာခံ ပြည်သူတဦး၊ ကတိုးကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသားတဦးနှင့် ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ၂ ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သေးကြောင်း ၎င်းတို့က ဆိုသည်။
ကူတော်ကျေးရွာရဲစခန်းအား စက်တင်ဘာ ၂၀ ရက်၌ ဒေသတွင်းကာကွယ်ရေးအဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့စဉ် စစ်တပ်ဘက်က အထိနာခဲ့သကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်လည်း ဒေသကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးကာ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
You may also like these stories:
ဘုတလင်မှ မီးသတ်ဝန်ထမ်းများ စစ်ကောင်စီနှင့် ပူးပေါင်းမှုဖြင့် စစ်ဆေးအရေးယူမည်
ဘုတလင်ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများ ထွက်ပြေး၍ ဆေးရုံပိတ်ထားရ
ဘုတလင်တွင် ဒေသခံ ၄၀ ခန့်ကို စစ်တပ်ကဖမ်း၍ ဓားစာခံအဖြစ် သုံးနေ