ချင်းပြည်နယ် မြို့တော် ဟားခါးမြို့၊ ရဲစခန်းအနီး ယမန်နေ့နံနက် ၁၀ နာရီဝန်းကျင်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် ၀န်ထမ်းများအား လုံခြုံရေးယူပေးသောစစ်ကောင်စီတပ်များနှင့် ချင်းဒေသကာကွယ်ရေး CDF ဟားခါးအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပစ်ခတ်မှုမှာ နာရီ၀က်ခန့် ကြာမြင့်ခဲ့ပြီး သန်းခေါင် စာရင်းကောက်ယူသူများ နောက်ပြန်လှည့်သွားခဲ့ကြောင်း၊ ဟားခါးမြို့ရှိ ရဲစခန်း၊ ဈေးဟောင်းရပ်ကွက် နှင့် အစိုးရမူကြိုကျောင်းကဲ့သို့ စစ်ကောင်စီ တပ်စွဲထားသည့် နေရာအနီး နေအိမ်များကိုသာ သန်းခေါင်စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
CDF ဟားခါးတပ်ဖွဲ့၏ ပြောခွင့်ရသူက ” သန်းခေါင် စာရင်းကောက်ယူမှုကို ဟန့်တားဖို့ အခုလို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှာ သူတို့ဘက် (စစ်ကောင်စီ)က ထိခိုက်မှုတော့ ရှိနိုင်တယ်၊ အသေးစိတ်တော့ မသိရသေးဘူး။ ဒီတခေါက်မှာ သူတို့ဘက်က ကျနော်တို့ကို ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာမျိုးတွေ့ရတယ်၊ အရင်က တိုက်ခိုက်မှုတွေမှာ ဒီလောက် မဟုတ်ဘူး။ ကျနော်တို့ရဲ့ သဘောထားကို စာထုတ်ထားပြီး ဖြစ်တယ်၊ သန်းခေါင်စာရင်းဆက်ကောက်ရင် ပစ်ခတ်မှု ဆက်လုပ်သွားမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။
စက်တင်ဘာ ၂၃ ရက်တွင် CDF ဟားခါးအဖွဲ့က သန်းခေါင်စာရင်းကောက်ယူရာ၌ ပါ၀င်သည့် Non CDM ၀န်ထမ်းများကို စစ်ကောင်စီကဲ့သို့ သဘောထားကာ ပစ်ခတ်ရှင်းလင်းမည်ဟု ထုတ်ပြန်ထားသလို ချင်းညီနောင်အဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသည့် ဒေသများဖြစ်သော တီးတိန်၊ ဖလမ်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပူးပေါင်းပါ၀င်သူများကို အရေးယူမည် ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ချင်းညီနောင်အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖလမ်းမြို့ရှိ ရပ်ကွက်တချို့၌သာ သန်းခေါင်စာရင်းကောက်ခံနေသေးကြောင်း ဒေသခံများက ပြောသည်။
ဖလမ်းဒေသခံတဦးက ” ကျမတို့ဘက်ကို ရောက်မလာသေးဘူး။ သူတို့က တပ်ကုန်းနဲ့ နီးတဲ့အိမ်တွေကို အရင် ကောက်နေတယ်လို့ ကြားတယ်။ ကောက်တဲ့အခါလည်း လုံခြုံအပြည့်ပဲ၊ ရဲတွေရော၊ စစ်သားတွေရောပဲ ” ဟု ပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာ ၁ရက်မှ ၁၅ ရက်အထိ လူဦးရေနှင့် အိမ်ထောင်စုအကြောင်းအရာ သန်းခေါင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ခံသွားမည်ဟု ပြောထားသော်လည်း ချင်းပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ကောက်ယူနိုင်ခြင်း မရှိသေးပေ။
You may also like these stories:
ကန်ပက်လက်ကို CDF သိမ်းတော့မလား
မင်းတပ် CDF အဖွဲ့များကြား သဘောကွဲလွဲမှုများ ဖြေရှင်း၍ စစ်ရေးတိုးချဲ့မည်