တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်သို့ အောက်တိုဘာ ၁၂ ရက်မှ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၌ အရပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင် ပြန်ကြားရေးတာဝန်ခံက ဧရာဝတီကို ပြောသည်။
သေဆုံးသူများမှာ ကဒက်ငယ်ထိန်ရွာမှ ကိုမင်းအောင် (ခ) ကိုကန်းကန်း (၃၀ နှစ်)၊ ဒေါ်ခင်မြင့် (ခ) ဒေါ် မငယ် (၇၃ နှစ်)၊ အောက်ရေဖြူရွာမှ ဒေါ်သက်သက် (၅၀ နှစ်)၊ ကိုမင်းကိုကို (၂၅ နှစ်) နှင့် အမည်မသိ အလောင်းတလောင်းတို့ ဖြစ်ကြောင်း သိရသည်။
အောက်ဖြူရွာမှ ကိုမင်းကိုကိုသည် ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ညင်းမော်ရွာအနီး သင်္ချိုင်းအနောက်၌ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ အမည်မသိ လူငယ်တဦး၏အလောင်းပါ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်တွင် စစ်ကြောင်းဝင်စဥ် ထွက်ပြေးသည့် ကိုမင်းအောင် (ခေါ်) ကိုကန်းကန်းသည် အောက်ရေ ဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာကြား၌ ပစ်သတ်ခဲ့ခံရသလို ယင်းနေ့ညနေတွင်ပင် ကဒက်ငယ်ထိန်ရွာမှ သက်ကြီးပိုင်း ဒေါ်ခင်မြင့် ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။
အဆိုပါနေ့၌ပင် အောက်ရေဖြူရွာမှ နှလုံးရောဂါအခံရှိသည့် အသက် ၅၀ အရွယ် ဒေါ်သက်သက်မှာ ပစ်ခတ်သံများကြောင့် ကြောက်ရွံ့ထိတ်လန့်ပြီး နှလုံးဖောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။
အောက်ရေဖြူရွာမှ ဒေသခံတဦးက “စစ်ကြောင်းကတော့ ၁၉ ရက်ကတည်းက ပြန်ထွက်သွားပါပြီ။ ဘယ်တပ်ရင်းလဲဆိုတာ အတိအကျမသိရပါဘူး။ ထားဝယ်ဘက်ကနေလာပြီး လောင်းလုံးမှာ ခဏနားပြီးမှ အောက်ရေဖြူဘက် ထိုးလာတာပါ” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀၀ ကျော် ပါကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ အောက်ရေဖြူရွာအနီး အောက်တိုဘာ ၁၆ ရက်၌ ပစ်ခတ်မှုဖြစ်ပြီးနောက် နယ်မြေရှင်းလင်းစဥ် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းများအား ရရှိခဲ့ကြောင်း ရေးသားထားသည်။
သို့သော် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူများမှာ သာမန်အရပ်သား ပြည်သူများသာဖြစ်ပြီး ယင်းလုပ်ရပ်သည် အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်ကျူးလွန်မှုတခုဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
DMSC ပြန်ကြားရေးတာဝန်ခံက “အသတ်ခံရတဲ့သူတွေက အကုန်အရပ်သားတွေဖြစ်တယ်။ တဖက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ပြောပြီး တဖက်မှာတော့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာ။ စစ်ကောင်စီပြောတဲ့ နိုင်ငံရေးစကားတွေဟာ ဘယ်လိုမှ ယုံကြည်လို့မရဘူးဆိုတာ သက်သေပြနေပြီးသားပါ။ အခုလို သတ်ဖြတ်မှုတွေဟာ အရပ်သားအပေါ် စစ်ရာဇဝတ်ကျူးလွန်မှုပါပဲ။ အဲဒီလိုကျူးလွန်နေတာဟာ ထောင်နဲ့ချီနေပါပြီ။ ဒါတွေအတွက် တချိန်ချိန်မှာတော့ စစ်ကောင်စီ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားရပါ မယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီသည် တနင်္သာရီတိုင်းတွင် စက်တင်ဘာ ၁ လအတွင်း အရပ်သား ၃၀၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၇၃ ဦး ပြန်လွတ်လာကာ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသည့်အဖွဲ့ FE5Tanintharyi က အောက်တိုဘာ ၁၆ ရက်၌ ထုတ်ပြန်ထားသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စက်တင်ဘာ ၁ လထဲ အရပ်သားပြည်သူ ၆၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၃၅ ဦး ပြန်လွတ်လာ၍ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
လောင်းလုံးမြို့နယ်တွင် စစ်ရှောင်ဦးရေ တိုးလာ၍ စားနပ်ရိက္ခာ မလုံလောက်
လောင်းလုံးမှ ရွာနှစ်ရွာကို စစ်တပ် မီးရှို့၊ မီးငြှိမ်းသည့် ရွာသားတဦးကိုပါ ပစ်သတ်ခဲ့
တနင်္သာရီတွင် စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်