ရခိုင်ပြည်နယ် တောင်ကုတ်မြို့အဝင် တက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီအထိုင်စခန်းကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
AAသည် အောက်တိုဘာလ ၃၁ ရက်က တောင်ကုတ်မြို့အရှေ့ဘက် မြို့နှင့် ၇ မိုင်ခန့်အကွာရှိ ပန်းမြောက်တောင် လက်နက်ကြီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့အဝင်စခန်းများအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တောင်ကုတ်ဒေသခံတဦးက “AA က မြို့ဝင်တက္ကသိုလ် စစ်ဆေးရေးဂိတ်ကို ဝင်မတိုက်ဘဲ မြို့အရှေ့ဘက် တောင်ကြောကနေ ဝင်လာပြီးတော့ တက္ကသိုလ်ထဲက စခန်းကို ဝင်တိုက်တာ၊ မနေ့က အဲဒီအထိုင်စခန်းကို သိမ်းထားပြီလို့ ပြောတယ် “ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ဝင်တိုက်ရာတွင် ပန်းမြောက်တောင် လက်နက်ကြီးအထိုင်စခန်းမှ စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးရာ မြို့အနီးပတ်ဝန်းကျင်နေရာအနှံ့ တိုက်ပွဲများ ပြင်းထန်နေကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။
စစ်ကောင်စီလော်ဘီချန်နယ်များတွင်လည်း တောင်ကုတ်မြို့၌ AA နှင့် စစ်တပ်အကြား နိုဝင်ဘာ ၃ ရက်မှစ၍ ယမန်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ရေးသားဖော်ပြထားသည်။
လက်ရှိတွင် AA သည် တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) နှင့် မြို့ပေါ်ရပ်ကွက်ရှိ ခမရ ၃၄၆ ၊ ခမရ ၅၄၄ တပ်ရင်းများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရာချီကြဲချနေသောကြောင့် မြို့တွင်း ပိတ်မိနေသည့်မြို့ခံများ ထွက်ပြေးလျက်ရှိကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။
You may also like these stories:
တောင်ကုတ်အနီးကျေးရွာများကို စစ်တပ် ဗုံးကြဲ၍ အမျိုးသမီး ၁ ဦး သေဆုံး
တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ
သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သွားရာလမ်းမှ တံတားများ စစ်တပ် မိုင်းခွဲ