ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ ၂၆၈ အပါအဝင် စစ်စခန်းများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ မိုင် ၂၀ ကျော်သာဝေးသော စစ်ကောင်စီ၏ ကလေးမြို့အမြောက်တပ်မှ အတွဲလိုက်ဒုံးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။
ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ကြား နိုဝင်ဘာ ၉ ရက်မှစပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။
ဖလမ်းဒေသခံတဦးက “လက်နက်ကြီးတွေ အဆက်မပြတ်ပဲ မြို့ထဲကို ကျတယ်။ တပ်ကုန်းကနေပစ်သလို ကလေးကနေလည်း လှမ်းပစ်နေတယ်။ မနေ့က နေအိမ်သုံးလုံး မီးလောင်ခဲ့တယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲချတယ်” ဟု ပြောသည်။
ယမန်နေ့ နေ့လယ် ၁၂ နာရီ၀န်းကျင်တွင် စစ်ကောင်စီသည် ဖလမ်းမြို့ပေါ်သို့ လေကြောင်းမှ ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့ကြောင်း၊ ဖလမ်းမြို့လယ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးများ၌ တိုက်ပွဲပြင်းထန်နေပြီး ခလရ ၂၆၈ ကိုလည်း ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ခလရ ၂၆၈ တပ်ရင်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေ၍ လေယာဥ်ပစ်ကူ အမြန်ဆုံးပေးရန် ယနေ့ နေ့လယ်ပိုင်း၌ ရေးသားထားသည်။
ယနေ့ နေ့လယ် ၁နာရီ ၃၀ ၀န်းကျင်၌ စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်ကတည်းက စတင်ခဲ့သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံများ မြို့လုံးကျွတ် ထွက်ပြေးနေရပြီး ကလေးမြို့၊ ဟားခါးမြို့၊ အိန္ဒိယနယ်စပ် အပါအဝင် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တချို့မှာ မြို့ထဲတွင် ပိတ်မိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဖလမ်းမြို့ ဒေသခံတဦးက “ကျနော်တို့ မနေ့ညပိုင်းမှာ ထွက်ပြေးလာနိုင်ခဲ့တယ်။ မပြေးလို့ လုံး၀ မဖြစ်တော့ဘူး။ ဒီနေ့မနက်မှာလည်း တော်တော်များများ ထွက်ပြေးလာနိုင်တယ်။ အထဲမှာ ကျန်တာကတော့ ၃၀ လောက်ကျန်သေးတယ်။ သူတို့အတွက် တော်တော်စိုးရိမ်ရတယ်။ ကယ်ထုတ်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်” ဟု ဧရာ၀တီကို ပြောသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်ဖြစ်နေပြီး တိုက်ပွဲအတွင်း ဖလမ်းမြို့ပေါ်မှ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့ပြီး အောက်တိုဘာ ၂၈ ရက်က အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့် (Van Cer Cin) သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ချင်းပြည်နယ် ဖလမ်း၊ မင်းတပ်နှင့် ထန်တလန်မြို့များ၌ စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်း တပ်တို့ကြား တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း ပြင်းပြင်းထန်ထန် ခုခံလျက်ရှိကြောင်း ဒေသခံများက ပြောသည်။