မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့အနီးရှိ စစ်ကောင်စီ၏ ဆုပ်လေဦးအထိုင်စခန်းကို ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ဒေသတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အထိုင်စခန်းကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ ဦးဆောင်၍ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်အောင်(LPDF)တို့နှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၂ နာရီနီးပါး ကြာမြင့်ကာ စစ်ကောင်စီဘက်မှ MA1 ၃ လက်၊ MA3 ၁ လက်၊ RPG ကျည် ၃ ဖူးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။
တိုက်ပွဲတွင် ပါဝင်ခဲ့သော စလင်းမြို့နယ် စစ်ရေးတာဝန်ခံက “တိုက်ပွဲရဲ့ အခြေအနေ အကျဉ်းချုံး ပြောရမယ်ဆိုရင် ၅ နာရီခွဲအတိမှ ကျနော်တို့ စတယ်။ ရန်သူ အင်အားက ၂၈ ယောက်နဲ့ ၃၀ ကြားလောက်ရှိမယ်။ စလင်းမြို့နယ် ကာကင်းဖြစ်တဲ့ ဆုပ်လေဦးကို ကျနော်တို့ ဝင်တိုက်တာ။ ဆုပ်လေဦးနားမှာ ထိုင်နေတဲ့ ကင်းတွေ အကုန်လုံး ရလိုက်တယ်။ အလောင်းတွေလည်း ရတယ်။ သေနတ် ၄ လက် ရတယ်။ ၇ နာရီနဲ့ ၄၃ မိနစ်လောက်မှာ ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
စခန်းသိမ်းတိုက်ခိုက်မှု အောင်မြင်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး ကျရောက်သဖြင့် ဆုပ်လေဦးဘုရားနားရှိ ရတနာဆီဆိုင် မီးလောင်ခဲ့ကြောင်း ၎င်းက ပြောသည်။
၎င်းက “လက်နက်ကြီးကျလို့ မီးလောင်သွားတယ်။ ပြည်သူသေတာတော့ မရှိဘူး။ လက်နက်ကြီးထိတာတော့ ရှိတယ်။ အမျိုးသမီးတယောက် လက်နက်ကြီးထိတယ်။ မစိုးရိမ်ရပါဘူး။ ကျနော်တို့ဘက်ကလည်း အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဆင်ဖြူကျွန်းမြို့ပေါ် နှင့် ဆုပ်လေဦးရွာအား ဆက်သွယ်ပေးထားသည့် နွယ်တမယ်တံတားကို ပိတ်လိုက်ပြီး တိုက်ပွဲကြောင့် အမှူးအရှေ့ရွာ၊ အမှူးအနောက်ရွာ၊ တောင်ဘိုရွာနှင့် ဆုပ်လေဦးရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရကာ စစ်ဘေးရှောင်အချို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ကူညီထားကြောင်း သိရသည်။
မင်းဘူးခရိုင် ပကဖ သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက “မနက်က တိုက်ပွဲကတော့ စစ်တပ်ဘက်က တော်တော်အထိနာသွားတယ်။ ၁၅ ယောက်လောက် သေဆုံးတယ်။ ဒဏ်ရာအများအပြားရသွားတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုတော့ မရှိပါဘူး။ သစ်ခေါက်တောင်ဘက်မှာတော့ ပွဲ တပွဲ ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် နွယ်တမယ်တံတားထိပ်ကို ပိတ်ကာလုံခြုံရေးယူထားသလို စလင်းမြို့ အထက်နား ထူးပေါက်ရွာဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
You may also like these stories:
လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး
ချောက်မြို့နယ်၌ စစ်ကြောင်းထိုးနေ၍ လူ ၃သောင်းကျော် စစ်ရှောင်နေရ
မကွေးတိုင်းတွင် တော်လှန်ရေး အဖွဲ့အစည်းများက အုပ်ချုပ်ရေးပိုင်း အသက်သွင်းလာ