စစ်ကောင်စီက အမျိုးသား ညီညွတ်ရေးအစိုးရ(NUG )၏ ဆေးတက္ကသိုလ်(မန္တလေး)မှယာယီဆေးပညာဘွဲ့လက်မှတ်အတုများ ပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟုလိမ်လည်ဆောင်ရွက်မှုမှာ တရားဝင်မှု မရှိသောကြောင့် ပြည်ပတက္ကသိုလ်များက လက်မခံသည့်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည့်အပေါ် ယင်းလက်မှတ်များမှာ အတုမဟုတ်ကြောင်း NUG ဆေးတက္ကသိုလ်(မန္တလေး)ယာယီတက္ကသိုလ်ကောင်စီနာယက ဒေါက်တာခင်မောင်လွင်က ပြောသည်။
၎င်းက “အတုမဟုတ်ပါဘူး အစစ်ပါဗျ။ ရေတောင် မရောပါဘူး။ ကျနော် လက်မှတ်ထိုးထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်တွေက အစစ်တွေပါ။Online Medical Teaching ကနေ သင်ကြားတတ်မြောက်ပြီး စာမေးပွဲတွေ ဖြေဆိုအောင်မြင်သွားကြတဲ့ ကလေးတွေကို ကျနော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပေးထားတာပါ၊ အဓိကကတော့ သူတို့မလုပ်နိုင်တာတွေကို ကျနော်တို့လုပ်နိုင်နေလို့ မနာလို ဖြစ်နေကြတာ အသိသာကြီးပါ”ဟု လူမှုကွန်ရက်မှတဆင့် ပြောသည်။
ဒေါက်တာခင်မောင်လွင်သည် M.B,B.S M.Med.Sc ( Surgery ) FRCS ( Edin ) Dr.Med.Sc ( Neurosurgery ) Dip. Med. Ed ဘွဲ့များ ရရှိထားသူဖြစ်ပြီး ဆေးတက္ကသိုလ်-မန္တလေး၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ခဲ့ပြီးနောက် NUG ပညာရေးဝန်ကြီးဌာန ယာယီ တက္ကသိုလ် ကောင်စီများ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များအားလုံး၏ နာယက / အဓိပတိ၊ ဖက်ဒရယ် ကျန်းမာရေးပညာရှင်များ ကောင်စီ ဥက္ကဋ္ဌ၊ ဆေးပညာသိပ္ပံတက္ကသိုလ်၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ကျောင်းအုပ်ကြီးတာဝန်များ ရယူထားသူ ဖြစ်သည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ ဆုပြည့်မျိုးသွက်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ နယ်နေ သဉ္ဇာထက်တို့ ၂ ဦးကို ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပယ်ခဲ့ကြောင်း၊ ယင်းကျောင်းသူ ၂ ဦးသည် NUG ၏ ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီ တက္ကသိုလ်ကောင်စီနာယက ဒေါက်တာခင်မောင်လွင်မှ ထုတ်ပေးခဲ့သည့် ယာယီ ဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ ချုလာလောင်ကွန်းတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေးအတွက် လျှောက်ထားခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း၊ ယင်းယာယီဆေးပညာဘွဲ့လက်မှတ်အား စစ်ဆေး အတည်ပြုခဲ့ရာ ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပေးထားသော ဘွဲ့လက်မှတ်များမဟုတ်ဘဲ အတုများဖြစ်၍ တရားမဝင်ကြောင်း ပြန်လည် အကြောင်းကြားခဲ့သည့်အတွက် ချုလာလောင်ကွန်းတက္ကသိုလ်မှ တက်ရောက်ခွင့် လက်မခံခဲ့ဟု ထုတ်ပြန်သည်။
အဆိုဖြစ်စဉ်နှင့် ပတ်သက်၍ ဘွဲ့လက်မှတ်အတု လုပ်ပေးသည်ဆိုကာ ရန်ကုန် ပန်းပဲတန်း မြို့နယ်နေသူ သိဏ်းချမ်း(ခ) သိန်းဝင်း၊ သင်္ဃန်းကျွန်းမြို့နယ်နေ သက်ထက်ဦး(ခ)ဝင်းထက်မြတ်၊ ယာယီဆေးပညာဘွဲ့ လက်မှတ်အတုအား ဘာသာပြန်ပေးခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန် ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ မြတ်မင်းသူတို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ထို့အတူ ဒေါက်တာခင်မောင်လွင်၊ တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားခဲ့သူ ဆုပြည့်မျိုးသွက်နှင့် သဉ္ဇာထက်တို့ကိုလည်း Black List (အမည်မည်းစာရင်း)ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည် ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ပုံမှန်အားဖြင့် ဆေးပညာဘွဲ့လက်မှတ်များကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပေးသဖြင့် Notary ပြန်စရာ မလိုကြောင်း၊ ယခုမန္တလေးဆေးတက္ကသိုလ်မှ ဘွဲ့လက်မှတ်ထုတ်ပေးခဲ့ရာတွင် မြန်မာဘာသာဖြင့် ထုတ်ပေးခဲ့ပြီး Verification Processတွင် Email မပါရှိခြင်းကြောင့် ချုလာလောင်ကွန်းတက္ကသိုလ်မှ Verification အတွက် ဆေးတက္ကသိုလ်-မန္တလေးသို့ မေးမြန်းရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ကျန်ဆေးတက္ကသိုလ်များက ဘွဲ့လက်မှတ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပေးပြီး Verification အတွက် Email အပြည့်အစုံပါရှိသဖြင့် ပြဿနာမရှိဘဲ တက်ရောက်ခွင့်များ ရရှိနေကြောင်း၊ NUGက ထုတ်ပေးသော Federal ဆမနှင့်ပင် UK ကျောင်းများတွင် ဆက်လက် ပညာသင်ကြားနေသူများလည်း ရှိကြောင်း ဆရာဝန်အသိုင်းအဝိုင်းက ဆိုသည်။
You may also like these stories:
မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော