ရခိုင်ပြည်နယ်အတွင်း စပါးအဓိက စိုက်ပျိုးသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့် မြို့နယ်များတွင် စပါးဝယ်ယူသူများ မရှိသဖြင့် လယ်သမားများ အခက်ကြုံတွေ့နေရသည်။
ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ လယ်သမား ကိုသိန်းလှိုင်က ” တိုက်ပွဲကာလအတွင်းမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ စိုက်ထားတဲ့စပါးတွေ အခု စပါးပေါ်ချိန်မှာ ဝယ်မယ့်သူ မရှိပြန်ဘူး။ စက်သုံးဆီ ဈေးတက်လို့ ရိပ်သိမ်းခြွေလှေ့စရိတ်တွေ ဈေးမြင့်တာကတမျိုးဆိုတော့ အားလုံးက ဒုက္ခတွေပဲ ဖြစ်နေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စပါးမရိတ်သိမ်းမီ လပိုင်းအလိုက ဒီဇယ်ဆီ ၁ ဂါလံလျှင် ၃၅,၀၀၀ ကျပ်မှ လက်ရှိတွင် ၄၅,၀၀၀ အထိ ထိုးတက်သွားသည့်အတွက် ငွေကြေးအခက်အခဲဖြစ်နေသော လယ်သမား အများစုသည် စပါးရိတ်စက် မငှားနိုင်ဘဲ လူအားဖြင့် ကိုယ်တိုင်ရိတ်သိမ်းကာ စပါးခြွေလှေ့နေရကြောင်း လယ်သမားများက ပြောသည်။
မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာမှ လယ်သမားတဦး က ” အခု အခြေအနေက စပါးရိတ်သိမ်းတယ်လို့သာ ပြောတာ လယ်သမားအများစုက စပါးခင်းကို မဆင်းချင်ကြတော့ဘူး။ စပါးဈေးကလည်း မကောင်း၊ ဝယ်သူကလည်း မရှိဘူးဆိုတော့ စိတ်ပျက်တာပေါ့။ လယ်သမားတချို့ဆိုရင် ရတဲ့စပါးကို တယောက် တဝက် ခွဲယူကြမယ်ဆိုပြီး သူများတွေကို စပါးရိတ်ခိုင်းလိုက်ကြတယ် “ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဒေသတွင်း စားသုံးရန် စပါးဝယ်ယူမှုတချို့ ရှိရာ ပေါ်ဆန်းမွှေး ၁ တင်းလျှင် ၁၃ သိန်း၊ ငါးရာဘို၊ ရွှေဝါထွန်း၊ မနောသုခ စသည့် ရိုးရိုးစပါး ၁ တင်းလျှင် ကျပ် ၈ သိန်း ဈေးပေါက်သော်လည်း အလုံးအရင်းဖြင့် ဝယ်သူမရှိသည့်အတွက် စပါးရောင်းချရန် အခက်ကြုံနေရသည်။
ကျောက်တော်ဒေသခံတဦးက ” ပြီးခဲ့တဲ့နှစ်က စပါးလည်း ဝယ်သူမရှိလို့ ဒီအတိုင်း သိုလှောင်ထားရတယ် ၊ ဒီနှစ်လည်း ဝယ်သူမရှိဘူးဆိုတော့ ဒီလောက် ငွေကြေး ရှားပါးတဲ့အချိန် သိုလှောင်စရိတ်ကုန်ဦးမယ်၊ တလောက ကုန်သည်ကြီး အသင်းက စပါးဝယ်မယ်ဆိုတော့ ထော်လာဂျီငှားပြီး မြစ်ကမ်းဘေး သွားပို့ထားတာ၊ ပိုက်ဆံလည်း မရှင်းဘူး၊ လူလည်း လာ မကြည့်ဘူး၊ ကြက်တွေစား ကြွက်တွေဖောက်နဲ့ သူတို့ လာမှာ မျှော်နေရတာ အလုပ်တခု ပိုရပြန်တယ် “ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်မှ စပါးများကို ယခင်က ရန်ကုန်အပါအဝင်ပြည်မဘက်သို့ အဓိက တင်ပို့ရောင်းချခဲ့ပြီး စစ်ကောင်စီက ပြည်မနှင့် အဆက်အသွယ်များဖြတ်တောက်ထားခြင်းကြောင့် ရောင်းချ၍ မရသလို နယ်စပ်ကုန်သွယ်ရေးမှာလည်း အလုပ်မဖြစ်သောကြောင့် လယ်သမားများ အခက်ခဲဖြစ်နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် လယ်စိုက်ဧက ၈ သိန်းကျော်ရှိပြီး ယခုနှစ်စိုက်ပျိုးရာသီ၌ စိုက်ပျိုးစရိတ်မြင့်တက်မှုနှင့် တိုက်ပွဲများကြောင့် စိုက်ဧကလျော့နည်းခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီ တိုက်ပွဲများအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် ငွေလွှဲ ငွေထုတ်လုပ်ငန်းများ ရပ်ဆိုင်းနေသလို ဒေသတွင်း ငွေကြေးရှားပါးမှုနှင့် ကြုံတွေ့ နေရသည်။
လက်နက်ကိုင် ပဋိပက္ခတင်းမာမှု ဆက်လက်မြင့်မားနေပြီး ဘဝများနှင့် အသက်မွေးဝမ်းကျောင်းများကို အပြင်းအထန် ထိခိုက်စေကြောင်း၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်စည်ဖြန့်ချိရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်ပြီး စီးပွားရေး အလားအလာ မရေရာမှုကို ပိုမိုမြင့်မားစေကြောင်း ကမ္ဘာ့ဘဏ်၏ ယခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြသည်။
You may also like these stories:
ရခိုင်တွင် စပါးစိုက်ဧက ထက်ဝက်ခန့်လျော့ကျ၍ ဆန်ပြတ်လပ်မှုနှင့် ကြုံနိုင်
ရခိုင်တွင် လမ်းများ ပိတ်ထားသဖြင့် စပါးရိတ်သိမ်း သယ်ယူရေး အခက်ကြုံနေ
ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်သဖြင့် အထွက်နှုန်းလည်းကျနိုင်