ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် ချင်းညီနောင်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၆၈ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့ထုတ်ပြန်သည်။
လက်နက်ချသောဖြစ်စဉ်များမှာ ဒီဇင်ဘာ ၁၅ ရက်တွင် မင်းတပ်ခရိုင်/ မြို့နယ်ရဲတပ်၀င်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ ၁၂၃ ဦးနှင့် မိသားစုဝင်များ၊ နို၀င်ဘာ ၁၂ ရက်၌ ဖလမ်းမြို့မှ ရဲတပ်ဖွဲ့၀င် ၄၅ ဦးတို့ဖြစ်ပြီး လက်နက်ခဲယမ်းများနှင့် အတူ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ” လက်နက်ချတာနဲ့ ပတ်သက်ပြီးမှ ရိုက်နှက်နှိပ်စက်တာမျိုး မရှိဘူး။ ကျနော်တို့က သူတို့ကို ဆေးတွေ ပြန်ကုပေးတယ်၊ အစာရေစာတွေ ပြန် ကျွေးတယ်။ မုန့်ပဲသရေစာက အစပေါ့၊ ပြန်ကျွေးမွေးထားတယ်။ လောလောဆယ်တော့ သူတို့ကို တိုက်ပွဲနဲ့ဘေးကင်းရာကို ခေါ်ဆောင်သွားပြီးမှ သူတို့ ဘေးကင်း လုံခြုံရေးကို ဦးစားပေးပြီး ထိန်းသိမ်းထားပါတယ် ” ဟု ဧရာ၀တီသို့ ပြောသည်။
ချင်းညီနောင် အဖွဲ့သည် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော စံမင်းသီရိ စေတီကုန်း၊ စံပြရပ်ကွက်ရှိ ၀န်ထမ်းအိမ်ရာ၊ ခရိုင်ဆောက်လုပ်ရေး၀င်း၊ တာဝါတိုင်ကုန်း၊ မင်းတပ်ဟိုတယ်၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိ မင်းတပ်မြို့နယ်တွင် ကျန်ရှိနေသည့် ခလရ ၂၇၄ တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်နေပြီး ယင်းတပ်ရင်းအား သိမ်းပိုက်နိုင်ပါက မင်းတပ်မြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့တွင်လည်း ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဆေးရုံးကုန်းနေရာများကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးကျန်ရှိသည့် ခလရ ၂၆၈ တပ်ကုန်း၌ တိုက်ပွဲပြင်းထန်နေသည်။
ထို့ကြောင့် ဖလမ်းနှင့် မင်းတပ်တွင် နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၉ ရက်အထိ မြို့များကို လက်မလွှတ်ရရေးအတွက် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
မတူပီကို ချင်းညီနောင် သိမ်းပိုက်
မတူပီဗျူဟာနှင့် ခလရ ၁၄၀ ကို ချင်းညီနောင် အရှိန်မြှင့် ထိုးစစ်ဆင်
မင်းတပ် CDF အဖွဲ့များကြား သဘောကွဲလွဲမှုများ ဖြေရှင်း၍ စစ်ရေးတိုးချဲ့မည်