ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာများနှင့် ဝိုင်စသည့် ယစ်မျိုးများအား ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ဒေသများ၌ တင်သွင်း ရောင်းချခြင်း သောက်သုံးခြင်း၊ လက်ဝယ်ထားရှိခြင်း လုံးဝ မပြုလုပ်ကြရန် အာရက္ခပြည်သူ့အစိုးရ (ULA/ AA)က ယနေ့ ထပ်မံအမိန့်ထုတ်လိုက်ကြောင်း သိရသည်။
အာရက္ခပြည်သူ့အစိုးရသည် ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားနှင့် ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင် စသည့် ယစ်မျိုးများနှင့် ပတ်သက်ပြီး တင်သွင်း ရောင်းချ သောက်သုံးခွင့် ပြုမည် မဟုတ်ကြောင်း ပြီးခဲ့သော အောက်တိုဘာလကတည်းက ပြည်သူများအား ကြိုတင် သတိပေးထားပြီး ယခုလမှစ၍ အကောင်အထည် ဖော်လာခြင်းဖြစ်သည်။
မြောက်ဦး ဒေသခံတဦးက ” ပြည်မထုတ် အရက်မသောက်ဖို့ တားမြစ်တဲ့ ကိစ္စက ကောင်းတဲ့လုပ်ရပ်တခုလို့ မြင်တယ်။ ဒါပေမယ့်လည်း အရက်ဆိုတာကလည်း ဘုရားလက်ထက်ကတည်းက တည်ရှိနေတာဆိုတော့ လူတွေ အမှန်တကယ်ရော လိုက်နာနိုင်မလား ။ ဒေသတွင်း ဆန်အရက်ကိုပဲ သောက်သုံးဖို့ ခွင့်ပြုတယ်ဆိုတာလည်း အဲဒီဒေသထုတ် ချက်အရက်က ဘယ်လောက် အရည်အသွေး ကောင်းမလဲဆိုတာ စောင့်ကြည့်ရမယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်ဒေသခံ စားသောက်ဆိုင်တဦးကမူ အရက်၊ ဘီယာစသည့် ယစ်မျိုးများနှင့်ပတ်သက်ပြီး ထုတ်ပြန်သော အမိန့်သည် ရေရှည်တွင် အငြင်းပွားစရာ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောသည်။
၎င်းက ” ပြည်သူတွေကတော့ ထုတ်တဲ့အမိန့်ကို လိုက်နာကြရမှာပဲ။ လူအများစုက နိုင်ငံခြား အရက်၊ ပြည်မက တင်သွင်းတဲ့ အရက်ကို မပြောနဲ့၊ တောအရက်တောင် မသောက်နိုင်တဲ့လူတွေများတယ်။ အဲဒီတော့ အမိန့်ထုတ်တဲ့ အုပ်ချုပ်ရေးပိုင်း လူကြီးတွေ၊ တာဝန်ရှိသူတွေကရော အမှန်တကယ်ပဲ ဆန်အရက် တမျိုးပဲ သောက်ကြမလား၊ ရေရှည်မှာ ဒါအငြင်းပွားစရာ တခုဖြစ်လာနိုင်တယ် “ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ နိုင်ငံခြားနှင့် ပြည်မထုတ် ယစ်များမျိုးအား တင်းသွင်း ရောင်းချခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်တားမြစ် ထားသော်လည်း နောက်ပိုင်းတွင် ဒေသတွင်း အရည်အသွေးပြည့် စံချိန်မီ အရက်များ မထုတ်လုပ်နိုင်ပါက နိုင်ငံခြားနှင့် ပြည်မထုတ် အရက် ဘီယာများသည် ရခိုင်ပြည်တွင် မှောင်ခိုဈေးကွက်ကြီးအဖြစ်သို့ ပြောင်းလဲပေါ်ပေါက်ကာ ယခုထက် ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသတွင်း စားသောက်ဆိုင် ပိုင်ရှင်တချို့က ပြောသည်။
You may also like these stories:
အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်
ရခိုင်မှာ ဘဏ်စနစ် လုံးဝ ပျက်သုဉ်းသွား