ကမ်းခြေများရှိရာ ဧရာဝတီတိုင်းအစပ်ထိ အာရက္ခတပ်တော် (AA) ထိုးစစ်ရောက်လာပြီးနောက် ရန်ကုန်နှင့် အနီးဆုံး ဖြစ်သော ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်တို့ ဆုံရာ ဧရာဝတီတိုင်း၊ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာရှိ ညောင်ချောင်းသာကမ်းခြေကို ကိုဗစ်ကာလမှစ၍ ပိတ်ထားရာမှ ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရွှေသောင်ယံ၊ ချောင်းသာ ကမ်းခြေများမှာ ပိတ်ထားရသလို ငွေဆောင်ကမ်းခြေမှာလည်း အပန်းဖြေခရီးသည်များ၏ စိုးရိမ်ပူပန်မှုကြောင့် ခရီးစဉ်ဖျက်သိမ်းမှုများရှိနေသည့်အချိန်၌ စစ်ကောင်စီက ရန်ကုန်တိုင်းနှင့် မိုင် ၃၀ ကျော်သာ ကွာဝေးသော ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေကို ဖွင့်လှစ်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
ညောင်ချောင်းသာ ကမ်းခြေမှ ဒေသခံ တဦးက “ ဖွင့်ပွဲကတော့ သူတို့ ၁ ရက်နေ့လို့ ပြောထားတာပဲ။ အခုက မဖွင့်တာ ၅ နှစ် နီးပါးလောက်ရှိမှ ပြန်စဖွင့်တာပေါ့။ အခုတော့ ဈေးဆိုင်ခန်း ၂၀ လောက်တော့ ရှိတယ်ဗျ။ ထပ်တိုးရင်လည်း တိုးဦးမှာပေါ့။ အခုမှ ပြန်စတာဆိုတော့လေ။ ဆိုင်တွေ ပြန်ဆောက်တာတော့ လေးငါးရက်လောက်ပဲရှိသေးတယ်။ အခုမှ ပြန်လုပ်နေကြတာ။ ကျနော်တို့ မြို့နယ်ကပဲ လေလံအောင်တဲ့သူဆီကနေ ဆိုင်ခန်းယူဖွင့်တာပေါ့။ တခန်းကို ၃ သိန်းကျပ် ပေးရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဒေသခံများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစည်းအဝေးခေါ်ယူ၍ ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်ပွဲပြုလုပ်မည်ဟု ပြောဆိုထားသောကြောင့် ဖွင့်လှစ်ရန်အတွက် ဈေးဆိုင်ခန်းတချို့ တည်ဆောက်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
ညောင်ချောင်းသာကမ်းခြေကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး ခရီးသည်များကို ကမ်းခြေတွင် ညအိပ်ခွင့်ပေးမည်မဟုတ်ကြောင်း ဒေသခံများက ပြောသည်။
အထက်ပါဒေသခံက “ ကျနော်တို့ အခု ကမ်းခြေနေရာက စပေါ်ပေါ်ခြင်း နေရာပဲ။ အခုကတော့ ချောင်းတခု ခြားသွားတယ်။ ကျနော်တို့ ရွာနဲ့ ဈေးဆိုင်ဖွင့်ရမယ့် အပန်းဖြေနေရာနဲ့ ဆိုရင် ချောင်းခြားသွားတယ်။ အရင်ကတော့ တံတားနဲ့ကူးတာပေါ့။ အခုကတော့ ဇက်ကူးတို့နဲ့ ကူးရမှာ ”ဟု ပြောသည်။

ကမ်းခြေသို့ လာရောက်မည့်သူများကို လက်ရှိတွင် ဝင်ကြေးတဦးလျှင် ၃၀၀၀ ကျပ်နှင့် ဇတ်ကူးတို့ခ ၅၀၀ ကျပ် ကောက်ခံမည်ဟု ကနဦး သိထားရသော်လည်း ဖွင့်လှစ်မည့်အချိန်မှသာ အတိအကျသိရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ပြီး ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ် ဘောမိကျေးရွာ၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် ( AA) ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားချိန်မှ စတင်ပြီး ချောင်းသာကမ်းခြေရှိ ဟိုတယ်၊မိုတယ်၊ စားသောက်ဆိုင်တို့ကို ပိတ်သိမ်းပြီး ပြောင်းရွှေ့လျက်ရှိသလို အပန်းဖြေခရီးစဉ်များ ဖျက်သိမ်းလျက်ရှိသည်။
ညောင်ချောင်းသာ ကမ်းခြေ စတင်ပေါ်ပေါက်လာသည်မှာ ၁၀ စုနှစ်တခုကျော် ရှိနေပြီဖြစ်သလို ယခင်ကာလများက ခရီးသွားပြည်သူများနှင့် စည်ကားသော ကမ်းခြေတခုလည်း ဖြစ်သည်။ ယခင်ကဆိုင်ခန်းကြီး၊ ဆိုင်ခန်းငယ် ၁၀၀ ကျော်အထိ ဖွင့်လှစ်ခဲ့သလို ကမ်းခြေအရပ်ရပ် လုပ်ပိုင်ခွင့်လေလံများအတွက်လည်း ကျပ်သိန်းထောင်ကျော် ဝင်ငွေ ရရှိခဲ့သည့် အပန်းဖြေနေရာတခုဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရုရှားခရီးသွားများအား ဆွဲဆောင်မည့် ချောင်းသာ တိုက်ပွဲကြောင့် ပိတ်ရ
မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား
ဧရာဝတီကမ်းခြေမြို့များတွင် စစ်ကောင်စီ ခံစစ်ပြင်