စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းကုက္ကိုရွာ၊ စာသင်ကျောင်းထဲရှိ စစ်ဘေးဒုက္ခသည်စခန်းကို ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို တင်သားကျေးရွာ အရပ်ဘက်ဆေးပေးခန်းတခုကိုလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကုက္ကိုရွာရှိ စာသင်ကျောင်းဝန်းထဲ စစ်ဘေးဒုက္ခသည်များနေထိုင်သည့် တဲပေါ်ကို ပေါင် ၅၀၀ ဗုံး၂လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသူများမှာ ငါးနှစ်အရွယ် ယောကျ်ားလေးတဦး၊ ၁၈နှစ်အောက် မိန်းကလေး သုံးဦး၊ ကိုယ်ဝန်ဆောင်တဦး၊ ကလေးမိခင်နှစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသမီးတဦးတို့ ဖြစ်ကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးတွင်ပါဝင်သူတဦးက “ မနေ့က ၅နာရီခွဲဝန်းကျင်မှာ လာကြဲသွားတာ၊ စာသင်ကျောင်းကို ကြဲချတာ၊ အဲဒီမှာက စစ်ရှောင်တွေပဲ နေကြတာ။ အခုသေဆုံးသူတွေက အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေပဲ၊ ဒဏ်ရာရသူတွေထဲမှာ ခြေလက်တွေ ဖြတ်တောက်ရမယ့်သူတွေလည်း ပါနေတယ် ” ဟု ပြောသည်။
ကုက္ကိုရွာရှိ စစ်ဘေးရှောင်စခန်း၌ ဒုက္ခသည် လေးရာခန့်နေထိုင်ပြီး ၂၀၂၁ခုနှစ် တိုက်ပွဲများကြောင့် ကလေးမြို့နယ်၊ ကျောက်ဆည်ရွာနှင့် အင်းကျွန်းကျေးရွာများမှ တိမ်းရှောင်လာကြသူများဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ဘေးရှောင်များအား တော်လှန်ရေးတပ်ဖွဲ့များက ဘေးကင်းနိုင်မည့် နေရာသို့ ပြောင်းရွှေ့ပေးနေကြာင်း ဆိုသည်။

ကလေးမြို့နယ်တောင်ပိုင်း ဒေသခံတဦးက “ ပြန်လည်ထူထောင်ရေးအတွက် အများကြီးလိုတာပေါ့နော်၊ လက်ရှိ ဒဏ်ရာရရှိသူတွေကို ကုသပေးဖို့ အရေးပေါ် ဆေးဝါးတွေ လိုအပ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် အမိုးအကာ၊ နေရာထိုင်ခင်းကအစ အကုန်လုံး ပြန်လိုအပ်တာပေါ့လေ။ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်ကျော်အတွင်း စုဆောင်းထားတာတွေ အကုန်ပျက်စီးထိခိုက်သွားတာပေါ့၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြည့်မှုနဲ့ တခြားလိုအပ်ချက်တွေ များစွာ လိုအပ်နေပါတယ် ” ဟု ပြောသည်။
လက်ရှိတွင် ကလေးမြို့နယ် ကျေးရွာများကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ထားသည့်အတွက် သတင်းအချက်အလက်များ မရရှိသလို အဆက်အသွယ်များလည်း ပြတ်တောက်နေကြောင်း သိရသည်။
ဇန်နဝါရီလ ၂၆ ရက်ကစပြီး စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်များက ကလေးမြို့နယ် ကုက္ကိုရွာနှင့် တင်သားရွာဘက်ကို စစ်ကြောင်းထိုးမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် ကလေးမြို့နယ် တင်သားရွာနှင့် ကုက္ကိုရွာက တော်လှန်ရေးတပ်ဖွဲ့ စခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရှင်းလင်းခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အများအပြား သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
You may also like these stories:
ဖလမ်း ခလရ ၂၆၈ မကျရေး ကလေးမှ အမြောက်ပစ်ကူပေးနေ
ကလေးမြို့တွင် ဆေးဝါး၊ စားသောက်ကုန်တချို့ ပြတ်လပ်၊ ကုန်ဈေးနှုန်း တက်