မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စစ်တပ်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ က စစ်မှုထမ်းအကျုံးဝင်သည့်အသက်အရွယ် လူငယ်၊ လူလတ်များကို ဖမ်းဆီးကာ စစ်မှုထမ်းရန် ပို့ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ဖေဖော်ဝါရီ ၂၊ ၃ ရက် ညပိုင်းက သူဌေးကန်ရွာ၊ ပုဂံမြို့သစ် ကိုးလုံးရပ်ကွက်၊ သီရိ(သီရိပစ္စယာ)ရပ်ကွက်၊ ချောက်ဘုရားလှ ရပ်ကွက်များမှ လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသား ၃၀ ကျော် အဖမ်းခံရကြောင်း သိရသည်။
“ ချောက်ဘုရားလှဆိုတာက ညောင်ဦးမြို့ရဲ့အရှေ့ဖျား ကျူးကျော်အိမ် များတဲ့နေရာပေါ့၊ ပြောရမယ်ဆိုရင် သူက ဧရာဝတီမြစ်ဘေးပေါ့၊ နတ်သမီးကမ်းပါးနဲ့ တကြောထဲ သွားကျတာပေါ့၊ ဧည့်သည်တော့ မဟုတ်ဘူးဗျ၊ ပုဂံမှာ လာပြီး အလုပ်ကြတဲ့သူမျိုးတွေ၊ ဒီမှာနေတဲ့ ဒေသခံတွေပေါ့လေ။ အဲဒီလိုမျိုးတွေ အဖမ်းခံရတာလို့ သိရတယ်ဗျ၊ ဖမ်းတာက ပထမရက်က ၁၅ ယောက်လောက် ဒုတိယရက်ကျတော့ ၁၅ ယောက်နဲ့ ၂၀ ကြားလောက်ပါသွားတယ်လို့ သိရတယ် ”ဟု ညောင်ဦးမြို့ခံတဦးက ပြောသည်။
လက်ရှိအချိန်တွင် မကွေးတိုင်း ပခုက္ကူမြို့နယ်မှ မြစ်ခြေမြို့အပါအဝင် ဧရာဝတီမြစ်အနောက်မြောက်တကြောမှ ကျေးရွာ များနှင့် မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများလည်း ပုဂံဒေသသို့ စစ်ရှောင်မှုများ ရှိလာသလို ယင်းစစ်ရှောင်များကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများရှိကြောင်း သိရသည်။
“ မြစ်အနောက်ဘက်ကမ်းက မြစ်ခြေ၊ အင်းဝိုင်၊ ကျွန်းချောင်းတို့ဘက်မှာ တိုက်ပွဲကြမ်းနေတော့ တော်တော်များများ ဒီဘက်ကို ရွှေ့ပြောင်းလာတာမျိုးတွေ ရှိတယ်၊ ပိုက်ဆံတတ်နိုင်တဲ့သူက မြေပိုင်ဝယ်လိုက်တယ်၊ မတတ်နိုင်တဲ့သူကတော့ အိမ်ငှားပေါ့၊ အလုပ်ကျတော့လည်း တွေ့ရာ၊ ကြုံရာအလုပ် လုပ်ကြရတာပေါ့၊ နောက်တခုက သူတို့မှာ မှတ်ပုံတင်တို့ အိမ်ထောင်စုတို့စတဲ့ အထောက်အထားအချက်အလက် မပြည့်စုံ၊ မပါကြတဲ့သူတွေလည်းရှိတော့ အဲဒီလိုလူမျိုးတွေ အများဆုံး အဖမ်းခံနေကြရတာ ”ဟု ပုဂံမြို့ခံတဦးက ပြောသည်။

ထို့ပြင် ပုဂံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ညပိုင်း ဧည့်စာရင်း အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းများနှင့် ညပိုင်း သွားလာနေသူများကိုလည်း မှောင်ရိပ်ခိုသည်ဟုဆိုကာ ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသောကြောင့် လူငယ်တချို့ နေအိမ်တွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်မှုများရှိကြောင်း သိရသည်။
ပုဂံဒေသတွင် စစ်ကောင်စီလက်အောက်ခံများက ငွေကြေးရယူကာ ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ ဖဲဝိုင်းစသည့် လောင်းကစားဝိုင်းများ ပြုလုပ်နေကြသလို စစ်တပ်က အိမ်စီးကားများ၊ အရပ်ဝတ်များဖြင့် ပတ်ကင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများအတွင်းက မြန်မာ ဘုရားဖူးဧည့်သည်ဝင်ရောက်မှု များပြားခဲ့သော်လည်း နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ပုဂံ-ညောင်ဦးတဖက်ကမ်းရှိ ၁၅ ရွာခန့်မှဒေသခံများ ထွက်ပြေးနေရ
စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ