စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁၀ ခုအတွင်း အရပ်သားလူငယ် ၁၂,၆၅၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး ကာလတလျှောက် စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသော သုတေသနအဖွဲ့ ဖြစ်သည့် Spring Revolution Database (SRD) ၏ အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်အတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် နေ့ဘက်အချိန်များတွင် အရပ်သားပြည်သူ ၁၁,၄၉၇ ဦးနှင့် ညအချိန်တွင် ၁,၁၅၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်မှုထမ်းရှောင်လွှဲနိုင်ရန် အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အကြား လူငယ်များသည် တရားမဝင် နယ်စပ်ဖြတ်ကျော်တိမ်း ရှောင်မှုများ လုပ်ဆောင်လာသောကြောင့် ပြည်ပတွင်လည်း ဖမ်းဆီးခံနေရကြောင်း သိရသည်။
ထိုသို့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် ပြည်ပနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အရပ်သား ပြည်သူများသည် သက်ဆိုင်ရာနိုင်ငံများ၌ ဖမ်းဆီးခံခဲ့ရရာ ထိုင်းနိုင်ငံတွင် ၃,၃၃၉ ဦး၊ မလေးရှားတွင် ၃၀၀ ဦး၊ အိန္ဒိယတွင် ၂၆ ဦး အပါအဝင် စုစုပေါင်း ၃,၆၆၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁,၄၃၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ရေလမ်းခရီး ဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ထိုင်းအာဏာပိုင်များမှ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ထဲမှ အရပ်သားပြည်သူ ၁၆၈ ဦးကို ကော့သောင်းအခြေ စိုက် ခမရ ၂၆၂ ၊ ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တိုင်းဗဟို-၁၂)သို့ ပို့ဆောင်ပြီး စစ်သားအဖြစ် အဓမ္မစုဆောင်းဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်၌ လူဝင်မူကြီးကြပ် ရေးဥပဒေဖြင့် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၆ ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချိန်တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မှုထမ်းအပတ်စဉ် တခုလျှင် လူဦးရေ ၅၀၀၀ ကောက်ယူကာ စစ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်။
You may also like these stories:
စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ
ပုဂံတွင် စစ်မှုထမ်းအကျုံးဝင် လူငယ် ၃၀ကျော် ဖမ်းဆီးခံရ
စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်
စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ