မြန်မာရွှေ့ပြောင်းလုပ်သားအများဆုံး နေထိုင်သည့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင် ထစန်ရပ်ကွက်ရှိ လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့ရုံးခန်းအား ထိုင်းအာဏာပိုင်များမှ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကားအစီးပေါင်း ၄၀ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုံးကို ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ AAC ရုံးခန်းကို ၂၀၁၅ ခုနှစ်တွင် နှစ်ချုပ်ဖြင့် မြေငှားရမ်း၍ အဆောက်အဦ တခု တည်ဆောက်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ဖွင့်လှစ်ကာ အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ရာ ရုံးသက်တမ်းမှာ ၉ နှစ်ကျော် နီးပါး ရှိနေပြီဖြစ်ကြောင်း AAC မဟာမိတ် အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ဧရာဝတီသို့ ပြောသည်။
၎င်းက “လုံးဝ ပိတ်သိမ်းဖို့အတွက် ဥပဒေနဲ့အညီလာပြီး လုပ်တော့ ကျနော်တို့မှာနည်းနည်းလေး ဖြေရှင်းဖို့တော့ ခက်ခဲနေတာပေါ့။ ကျနော်တို့က နိုင်ငံခြားသားဖြစ်တဲ့အတွက် တရားဝင်ခွင့်ပြုချက်တွေ တောင်းပြီးတော့ Registered တင်ထားတာတွေ မရှိဘူး။ နောက်ပြီးတော့ အဆောက်အဦ မြေပိုင်နက်ထဲမှာ ဆောက်ရမယ့် မြေပုံစံတွေ၊ စနစ်တကျ အင်ဂျင်နီယာတွေနဲ့ မြေပုံပေးလုပ်ထားတာ မရှိဘူး။ ယာယီနေတဲ့ ပုံစံမျိုးနဲ့ မြန်မာလိုဆို ဖြစ်သလိုလေး လုပ်ထားတဲ့ အဆောက်အဦဆိုတော့ ဥပဒေနဲ့ မညီဘူးဆိုပြီး လာတားသွားတဲ့ သဘောပဲဗျ။ ဒီနေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာလာကပ်တာ ”ဟု ပြောသည်။

ယနေ့နံနက် လာကပ်သွားသောစာပါ အကြောင်းအရာများမှာ လက်တွဲကူညီ AAC မဟာမိတ်အဖွဲ့ရုံးခန်းကို ဆက်လက် အသုံးမပြုရန်နှင့် အသုံးပြုပါက တရက်လျှင် ဘတ် ၁၀,၀၀၀ ဒဏ်ရိုက်မည်၊ ဦးဆောင်မည့်သူကို ထောင်ဒဏ် ၃ လ ချမှတ်မည်၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အကာအကွယ်မရှိသဖြင့် အဆောက်အဦကိုလည်း ဖျက်သိမ်းပေးရမည် စသည်တို့ပါဝင်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက ၃ လထက်မပိုသော ထောင်ချမှတ်မည်ဖြစ်ပြီး ( သို့မဟုတ်) ဘတ် ၆၀၀၀၀ ထက် မပိုသော ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ကာ ပြစ်ဒဏ် ၂ မျိုးလုံးလည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။
အဆိုပါ ရုံးခန်း တရားဝင်ခွင့်ပြုချက်ရရှိရန်အတွက် ဦးသိန်းစိန် အစိုးရလက်ထက်တွင် သံရုံးများသို့ ခွင့်ပြုချက် လျှောက်လွှာ များ တင်ခဲ့သလို အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ လာရောက်စဉ်အချိန်ကလည်း ထိုင်းရောက်အလုပ်သမားရေးဆောင်ရွက်နေသူအဖွဲ့ ၁၃ ခုနှင့်အတူ ခွင့်ပြုချက်ရရှိရန် တင်ပြခဲ့ဖူးကြောင်း သိရသည်။
ဆက်လက်၍ ဦးခိုင်ကြီးက “သံအမတ်ကြီး အဆက်ဆက်ကိုလည်း တင်ပြခဲ့ဖူးတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ရယ် အစိုးရ နှစ်ဆက်လုံး တင်ပြပြီးတော့ နားလည်မှုနဲ့ ကျနော်တို့ နေ နေတာ။ ထိုင်းဘက်ကိုလည်း မေတ္တာရပ်ခံပြီးတော့ သူတို့ကိုယ်တိုင်လည်း အုပ်ချုပ်ရေးမှူးတွေမှာ သံအမတ်တွေ ကိုယ်တိုင် မေတ္တာရပ်ခံထားတာတွေ ရှိတယ်။ ဒါပေမယ့် ဒီစစ်အစိုးရ လက်ထက်ကျတော့ အဲဒီအဆင့်ကို မသွားဘဲ အပိတ်ခံလိုက်ရတာ။ ဒါကြောင့် ကျနော်တို့ သံသယဖြစ်တာတော့ မြန်မာပြည်က စစ်အစိုးရနဲ့ ထိုင်းဘက်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ပုံစံမျိုးလို့ သံသယဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း AAC မဟာမိတ် အဖွဲ့ရုံးအား ထိုင်းအစိုးရဘက်မှ ဘူဒိုဇာဖြင့် ထိုးဖျက်ခြင်း ကြုံတွေ့ခဲ့ရပြီး ယင်းအခြေအနေနှင့် ပတ်သက်၍ ထိုင်းဘက်သို့ မေတ္တာရပ်ခံရာတွင် ဆက်လက် နေထိုင်ခွင့်ရရှိခဲ့သော်လည်း ယခုအခြေအနေမှာ ညှိနှိုင်းဖြေရှင်းရန်ပင် မလွယ်ကူကြောင်း ၎င်းက ဆိုသည်။
ဦးခိုင်ကြီးက “တကယ်လို့ သူတို့ မဟုတ်ဘူးဆိုရင် ဖြေရှင်းချက် ထုတ်ပေးရမှာပေါ့နော်။ ကျနော်တို့ လုပ်နေတာတွေ သူတို့ သိတယ်လေ။ အစိုးရပိုင်းဆိုင်ရာ သိတယ်။ သံရုံးက သိတယ်။ လေဘာရုံးက သိတယ်။ ကျနော်တို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာမဟုတ်ဘူး။ ထိုင်းဘက်က အုပ်ချုပ်ရေးမှူးတွေဆီမှာလည်း ကျနော်တို့ မေတ္တာရပ်ခံပြီးတော့ လုပ်လာခဲ့တာ။ ၉ နှစ်ဆိုတဲ့ သက်တမ်းက နည်းတာမဟုတ်ဘူး”ဟု ဆိုသည်။
လက်ရှိ AAC မဟာမိတ် အဖွဲ့ရုံး၌ ခိုလှုံနေကြသူ ၁၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့မှာ MOU စနစ်ဖြင့် ရောက်ရှိလာသူ အများစုဖြစ်ကာ လုပ်ခလစာ မရရှိဘဲ လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြဿနာများ ဖြစ်ပွားနေခြင်း၊ အလုပ်မရ၍ နေထိုင်ရန် အခက်အခဲဖြစ်နေခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိထားပြီး နစ်နာကြေး မရရှိထားသူများကို စောင့်ရှောက်ထားသည်။
ယခုကဲ့သို့ ထိုင်းဘက်မှ ရုံးလာရောက် ပိတ်လိုက်သည့်အတွက် ကယ်ဆယ်ရေးဂေဟာတွင်လာရောက်နေထိုင်သူများမှာ MOU လုပ်သား အများစုဖြစ်သောကြောင့် မြန်မာသံရုံးသို့ ပို့ဆောင်ပေးလိုက်သည်ဟုလည်း သိရသည်။
ယင်း အခြေအနေများနှင့် ပတ်သက်၍ ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းကိုင်ခြင်း မရှိသလို သံရုံး၏ လူမှုကွန်ရက်တွင်လည်း ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်း မရှိပေ။
You may also like these stories:
မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ
ထိုင်းရောက် MoU အလုပ်သမား ၂၇၃ ဦး အလိမ်ခံရ၍ အလုပ်လက်မဲ့ဖြစ်နေ
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား