ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့သို့ လက်နက်ဝယ်ရန်လာရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်အချို့အား ခေတ္တ ထိန်းသိမ်းခဲ့ပြီးနောက် လက်နက်များနှင့်အတူ ပြန်လည်လွတ်ပေးခဲ့ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်အချို့ ကွတ်ခိုင်မြို့သို့ လက်နက်လာရောက်ဝယ်ယူစဉ် ငွေပေးချေမှု အဆင်မပြေ ဖြစ်ရာ ရောင်းသူဘက်မှ TNLA ကြားဝင်ညှိနှိုင်းဖြေရှင်းပေးရန် အကူအညီတောင်းခံမှုကြောင့် ယင်း PDF အဖွဲ့ဝင်များအား မန်တုံမြို့နယ်၌ မတ်လ ၁၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် မတ်လ ၁၈ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
လွေးယေဦးက “ အကူအညီတောင်းလာတော့ ကျမတို့ဘက်က လက်နက်ဝယ်သွားတဲ့သူ၊ အထူးသဖြင့် လက်နက် သယ်ဆောင်သွားတဲ့သူကို မန်တုံမှာ ခေတ္တသိမ်းထားတာဖြစ်ပါတယ်။ လက်ရှိကတော့ ရောင်းသူနဲ့ဝယ်သူကြားမှာ ငွေပေးချေမှုက ပြန်အဆင်ပြေသွားတော့ သူတို့ကိုပြန်လည်လွှတ်ပေးပြီးဖြစ်ပါတယ်။ လက်နက်ကလည်း ဝယ်တဲ့သူထံ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွတ်ခိုင်မြို့အား သိမ်းပိုက်ရရှိပြီးနောက် TNLA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)တို့ အဓိကထိန်းချုပ်ထားပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားမှုရှိသည်။
ကွတ်ခိုင်ဒေသခံတဦးက လက်နက်လာဝယ်သည့် PDF များမှာ ၁၀ ဦးခန့်ပါဝင်ပြီး စစ်ကိုင်းတိုင်းအခြေစိုက်သည့် အဖွဲ့မှဖြစ်သည်ဟု အကြမ်းဖျဉ်းသိရှိထားကြောင်း ဧရာဝတီကိုပြောသည်။
ဒေသခံတဦးက “ မတ်လ ၁၆ ရက်နေ့က အောင်ချမ်းသာထမင်းဆိုင်မှာ PDF တွေနားနေတုန်း TNLA ဘက်က ရဲတွေ လာခေါ်သွားတာလို့ သိရတယ်။ နောက်ကျတော့ သိန္နီအထိ သူတို့ပဲ ကားနဲ့လိုက်ပို့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်” ဟု ပြောသည်။

PDF များအား ဖမ်းဆီးထိန်းသိမ်းထားစဉ် ပါလာသည့် ငွေနှင့်လက်နက်အချို့အား TNLA ဘက်မှ သိမ်းယူခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြမှုများနှင့်ပတ်သက်ပြီး သတင်းအမှားသာဖြစ်ကြောင်းလည်း လွေးယေဦးက ပြောသည်။
ကွတ်ခိုင်မြို့အား အဓိကထိန်းချုပ်ထားသည့် TNLA အနေဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့မှ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကိုင်ဆောင်တပ်စွဲခြင်း၊ ဂိတ်ချခြင်းနှင့် လှုပ်ရှားမှုများမပြုလုပ်ရန်နှင့် ဆက်ဆံရေးရုံးထားရှိလိုပါက ကြိုတင် အသိပေးတင်ပြရန်၊ အရပ်ဝတ်ဖြင့်သာဆောင်ရွက်ရန် ပြောထားသည်။
လက်ရှိတွင် နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ်၌ TNLA နှင့် KIA တို့အကြား ပဋိပက္ခများဖြစ်နေပြီး KIA ဆက်ဆံရေးရုံးနှင့် စခန်းအချို့အား TNLA ဘက်က အင်အားသုံးဖယ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
You may also like these stories:
ကွတ်ခိုင်မြို့ထဲမှ KIA တပ်များ TNLA ဖယ်ရှား
TNLA နဲ့ KIA တိုက်ပွဲဖြစ်မှာကို ကွတ်ခိုင်မြို့ခံတွေစိုးရိမ်နေ