လုပ်ငန်းခွင်ရှိ အမျိုးသမီးများကို တန်းတူမျှတစွာ ဆက်ဆံရန် အချက် ၇ ချက်ပါ သဘောတူညီချက်ကို မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၄၈ ခုတို့က မတ်လ ၆ ရက်နေ့က စတင်ခဲ့သည့် မြန်မာအမျိုးသမီး ရက်သတ္တပတ် လှုပ်ရှားမှု ကာလအတွင်း သဘောတူ လက်မှတ်ရေးထိုးလိုက်သည်။
ယင်းသဘောတူညီချက်ကို ပြည်တွင်းရှိ အမေရိကန်သံရုံး၊ ကမ္ဘောဇဘဏ်၊ Standard Chartered ဘဏ်၊ Yangon Bake House ၊ ကိုကာကိုလာနှင့် UN Women အဖွဲ့များ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၈ ဖွဲ့တို့က သဘောတူခြင်း ဖြစ်ကြောင်း မြန်မာ အမျိုးသမီး ရက်သတ္တပတ် လှုပ်ရှားမှုကို ဦးစီးဆောင်ရွက်နေသူများက ဧရာဝတီသို့ ပြောသည်။
“ကုမ္ပဏီအတွင်းမှာ အမျိုးသမီးတွေအတွက် လုပ်လို့ရတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ပါမယ်ဆိုပြီးတော့ ကတိပြုကြတဲ့ သဘောပါ။ ဒါမျိုး လက်မှတ်ရေးထိုးတာက ပုဂ္ဂလိကတွေ အတွက်တော့ ပထမဆုံး အကြိမ်ပါပဲ”ဟု ကမ္ဘောဇလုပ်ငန်းစု၏ CSR ဌာနမှူး ဒေါ်ယုဝေ အောင်က ပြောသည်။
အမျိုးသမီးများသည် အဖွဲ့အစည်းများတွင် အဆင်မြင့်ရာထူးများ ရရှိနေပါက သက်ဆိုင်ရာ ဌာနအတွင်း အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို လုပ်ဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါ်ယုဝေအောင်က ဆိုသည်။
အထက်ပါ အဖွဲ့များ သဘောတူသည့် အချက် ၇ ချက်မှာ (၁)ကျား၊ မ တန်းတူ ညီမျှရေး အဆင့်မြင့် ပူးပေါင်း ဆောင်ရွက်မှု ကို တည်ဆောက်ရန်၊ (၂)လုပ်ငန်းခွင်တွင် အမျိုးသားနှင့် အမျိုးသမီးကို တန်းတူညီမျှစွာ ဆက်ဆံရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ ခွဲခြားဆက်ဆံခြင်း မပြုရန် (၃)အမျိုးသားနှင့် အမျိုးသမီး အလုပ်သမား အားလုံး၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် သက်သာချောင်ချိရေး သေချာစေရန်၊ (၄)အမျိုးသမီးများအတွက် ပညာရေး၊ လေ့ကျင့်သင်ကြား ရေးနှင့် အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ (၅)အမျိုးသမီးများ လုပ်ပိုင်ခွင့်ရရှိစေမည့် ကုမ္ပဏီ လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ထောက်ပံ့မှု ကွင်းဆက်နှင့် ဈေးကွက်မြှင့်တင်ရေး အလေ့အထများ အကောင်အထည်ဖော်ရန်၊ (၆)လူမှု အသိုင်းအဝိုင်းအတွင်း ဆောင်ရွက်ခြင်းမှ တင်ပြမှုများမှ တဆင့် တန်းတူညီမျှမှုကို မြင့်တင်ရန်၊ (၇)ကျား/မ တန်းတူ ညီမျှရေးအတွက်ဆောင်ရွက်ခြင်းမှအောင်မြင်မှုများကို တိုင်းတာတွက်ချက်၍ လူသိရှင်ကြား ထုတ်ပြန်ပေးရန် တို့လည်း ပါဝင်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခြင်းသည် အမျိုးသမီးများကို တန်းတူအခွင့်အရေး မပေးခြင်းကြောင့်ဖြစ်၍ ယခုလို လုပ်ရပ်မျိုးကို ကြိုဆိုကြောင်း ပဲခူးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
“အမျိုးသမီးတွေကို နေရာပေးလိုက်တဲ့အတွက် တဦးချင်း၊ မိသားစုနဲ့ တိုင်းပြည်အတွက်ပါ ပိုအကျိုးရှိလာမယ်။ လူသား အရင်းအမြစ်တွေ ဖွံ့ဖြိုးလာမယ်။ အမျိုးသမီး ခေါင်းဆောင်မှုကို လူမှုအသိုင်းအဝိုင်းက တရားဝင် နေရာပေးဖို့ လိုနေပြီ။ အခု လှုပ်ရှားမှုကိုတော့ ကြိုဆိုတယ်”ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
မြန်မာ အမျိုးသမီး ရက်သတ္တပတ် လှုပ်ရှားမှု ဖိုရမ်ဖွင့်ပွဲကို မတ်လ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဖိုရမ်ဖွင့်ပွဲ သို့ အမျိုးသား၊ အမျိုးသမီး လုပ်ငန်းရှင်များ၊ INGO၊ NGO များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ခံများ တက်ရောက်ရကြပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်ရောက်ရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင် ကဏ္ဍတွင် ကျား၊ မ ကွာဟချက်များကို လျှော့ချရေး၊ လုပ်ငန်းခွင်အတွင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုများအပေါ် အသိပညာ ပေးရေး၊ ကျော်လွှားရေးတို့ကို အဖွဲ့လိုက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
လူ့အသိုင်းအဝိုင်းတွင် အမျိုးသမီးများ၏ ဘဝတိုးတက်မှု၊ ဦးဆောင် ပါဝင်နိုင်မှုတို့ကို ပြန်လည်မြင့်တင်နိုင်ရေး၊ အမျိုးသမီး များကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေး၊ အမျိုးသမီးရေးရာအဖွဲ့ ပြုပြင်ပြောင်းလဲရေးတို့ကို အစိုးရသစ် လက်ထက်မှာ ဆောင်ရွက်သွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။