မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့ ဦးဆောင်မှု့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ နှစ်ပေါင်းခုနှစ်ဆယ်ကျော် ကြာလာခဲ့ပြီဖြစ်တဲ့ လက်ရှိပြည်တွင်းစစ် ပဋိပက္ခရဲ့ ဆိုးကျိုးများကို ထိပ်ဆုံးကနေ ရင်ဆိုင်ခံစားနေခဲ့ရသူတွေကတော့ အမျိုးသမီးများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသမီးထု တရပ်လုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှုထောင့်ကနေပြီးတော့ သူတို့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍကို ဆွေးနွေးချင်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့ ပါဝင်မှုလုံး၀ မရှိဘူးဆိုတာတော့ မဟုတ်ပါ။ သို့သော် ပါဝင်မှုက အားနည်းနေသေးတာကိုတော့ တွေ့ရပါတယ်။ ဦးဆောင် ဦးရွက်မှုနဲ့ ဆုံးဖြတ်ချက်ချရာ အခန်းကဏ္ဍတွေမှာတော့ ပါဝင်နိုင်မှု အတိုင်းအတာက ပို၍ပင် နည်းနေသေးတာကို တွေ့ရပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံ တစ်ခုတည်းမှာ ဖြစ်နေတဲ့ ထူးခြားဖြစ်စဉ် တစ်ခုတော့မဟုတ်ပါ။ တကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ကျား/မဆိုင်ရာ မညီမျှမှု အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်မှာကတည်းက အတည်ပြုသဘောတူခဲ့တဲ့ ကမ္ဘာကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၃၂၅ (Resolution SCR 1325) အရဆိုလျှင် “အမျိုးသမီးများရဲ့ အခွင့်အရေးကို အတိအလင်း အသိအမှတ်ပြုထားပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စ တွေမှာလည်းသူတို့ရဲ့ ပါဝင်နိုင်မှု အခွင့်အရေးကို ဖော်ဆောင်ရမယ်”လို့ပါရှိပါတယ်။ ပဋိပက္ခ ဖြေရှင်းရေးနဲ့ ရေရှည်တည်တံံ့မဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ အမျိုးသမီးများရဲ့ ပါဝင်ဦးဆောင်မှု လိုအပ်တယ်လို့ တရားဝင် အသိအမှတ်ပြုထားခြင်း ဖြစ်ပါတယ်။
ဒီလို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ ဦးဆောင်မှု အခန်းကဏ္ဍရှိဖို့ အရေးကြီးကြောင်း အသိအမှတ် ပြုတာဟာ နိုင်ငံတကာ ဆက်ဆံရေး သမိုင်းမှာ အထင်ကရမှတ်တိုင်တခု လို့လဲဆိုနိုင်ပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု အနေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာလုပ်ဆောင်ရန် တာဝန်ရှိသလို၊ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေကို တာဝန်ယူဖော်ဆောင်နေရတဲ့ ပြည်သူ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် အတွက်နိုင်ငံရေးအရ အမြင်ကြယ် တယ်ဆိုတာကို ပြဖို့ရန်အခွင့်အရေး တရပ်လဲဖြစ်ပါတယ်။ ပြည်တွင်း ဒီမိုကရေစီ အပြောင်းအလဲ အတွက်လည်း အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှု တခုအနေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။
Oxfam International အဖွဲ့ရဲ့ အစီအရင်ခံစာ တစောင်မှာတော့ ၁၉၉၂ ကနေ ၂၀၁၁ နှစ်အကြားမှာ ချုပ်ဆိုခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်တွေမှာဆိုရင် လက်မှတ်ရေးထိုးသူအနေနဲ့ အမျိုးသမီးများရဲ့ ပါဝင်မှုဟာ ၄% လောက်ပဲရှိတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အဓိကကျတဲ့ အခန်းကနေ ပါဝင်ဆွေးနွေးသူများတွင် အမျိုးသမီးများရဲ့ ပါဝင်မှုဟာလည်း ၁၀% လောက်သာ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာ့လွှတ်တော် နှစ်ရပ်ပေါင်းမှာ အမျိုးသမီး လွှတ်တော်အမတ်ဦးရေ ၁၀% ပင်မပြည့် ဖြစ်နေပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသော အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲပူးတွဲကော်မတီ အစရှိသည့် အဖွဲ့အစည်း အသီးသီးတွင်လည်း ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီး ပါဝင်မှု ပမာဏမှာ ၁၀% ကျော်သာရှိနေသေးသည်။
အခုလို အမျိုးသမီးများရဲ့ ပါဝင်မှု့အလွန်နည်းပါးနေတာဟာ ကျနော်တို့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အခက်အခဲ တရပ်ဖြစ်သလို အားနည်းချက်တစ်ခုလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ ဘယ်လိုမှလည်း အဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုပါ။
နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာတဲ့အခါမှာ ဆိုးကျိုးရလဒ်တွေကို တွေ့ကြုံခံစားရာမှာတော့ အမျိုးသမီးများဟာ ပို၍ပင် ဆိုးရွားစွာ ရင်ဆိုင်နေရတာကို တွေ့ရပြီးအဲဒီပြဿနာတွေရဲ့ အဖြေကိုရှာတဲ့နေရာမှာ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းညှိနှိုင်းရာမှာတော့ သူတို့ရဲ့တန်းတူပါဝင်နိုင်မှုကို အလေးအနက် ထည့်မစဉ်းစားဘူးဆိုရင် လူ့အသိုင်းအဝိုင်း တခုလုံးရဲ့ နောက်ပြန်ဆွဲ အားနည်းချက်တစ်ခုသာလျှင် ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ အမျိုးသမီးထု တရပ်လုံးရဲ့လုံခြုံရေးအပါအဝင် အခြားအကျိုးစီးပွားများကို ကာကွယ်ဖို့နဲ့ ကိုယ်စားပြုမှု (representation) အပိုင်းကိုလည်း စဉ်းစားရမှာပါ။
လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမျိုးသမီးလူကုန်ကူးမှု၊ မုဒိမ်းမှု အစရှိတဲ့လူမှုဘဝ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်း အရာတွေကို ဆွေးနွေးတဲ့အခါမှာ အမျိုးသမီးများကိုယ်တိုင် ပါဝင်မှုမရှိဘဲ အမျိုးသားများကသာလျှင် ထိရောက်စွာ ကိုယ်စားပြု ဆွေးနွေးဖြေရှင်းနိုင်ခြင်း ရှိပါမလားဆိုတာကလည်း မေးစရာမေးခွန်းတစ်ခုပါ။
အမျိုးသမီးများအရေးကို ကိုယ်စားပြုဆွေးနွေး ပါဝင်တယ်ဆိုသည့်တိုင်အောင် အမျိုးသမီးများအနေနဲ့ သူတို့ရဲ့ အရေးကို သူတို့ကိုယ်တိုင် ပြောဆိုဆွေးနွေးပိုင်ခွင့် ရှိသင့်တယ်ဆိုတာကို ငြင်းပယ်လို့မရနိုင်ပါ။
တနည်းအားဖြင့် အမျိုးသမီးထုအနေနဲ့ သူတို့မှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာကို ကျနော်တို့ အားလုံးက အသိအမှတ်ပြုဖို့တော့ လိုပါတယ်။ ၂၁ ရာစု ခေတ်ကြီးမှာ ကမ္ဘာလူဦးရေရဲ့ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ အနေနဲ့ သူတို့အရေးကို သူတို့ကိုယ်တိုင် တွေးခေါ် ဆုံးဖြတ်နိုင်စွမ်း မရှိသေးဘူးလို့ ယူဆဖို့ကတော့ ခက်ပါလိမ့်မယ်။ မရှိလည်းမရှိသင့်တော့တဲ့ ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တစ်ခုလို့ ဆိုနိုင်ပါတယ်။
တကယ်တန်း အမျိုးသမီးများရဲ့ ဦးဆောင်မှုပိုင်းမှာ ပါဝင်ဖို့ကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အဓိက stakeholders များဖြစ်ကြတဲ့ အဖွဲ့အစည်း တဖွဲ့ချင်းစီမှာရှိတဲ့ အမျိုးသမီးများရဲ့ ပါဝင်မှုကနေ အစပြုရမှာ ဖြစ်ပါတယ်။
အစိုးရနဲ့ တပ်မတော်အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော အဖွဲ့ အစည်းများ ကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်။ တဖွဲ့ခြင်းစီမှာ ပါဝင်မှုအားကောင်းမှသာလျှင် အစုအဖွဲ့လိုက်လိုအပ်တဲ့ ဦးဆောင်မှုအတွက် ရွေးချယ်တာဝန်ပေးဖို့ ဖြစ်နိုင်မယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော်လည်း ဆွေးနွေးညှိနိုင်းရမယ့် အကြောင်းအရာတွေဟာ စစ်ရေးကိစ္စတခုတည်း မဟုတ်သလို အမျိုးသားများနှင့်သာ သက်ဆိုင်သောအကြောင်း အရာများသာ မဟုတ်တဲ့အတွက် အားလုံးရဲ့ ကိုယ်စားပြုမှုကို လိုအပ်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မယ့် လူတဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေးအတွက် ပိုပြီးလုပ်ဖို့ လိုအပ်လာမှာဖြစ်လို့ အစ ကနဦးမှာ အချိန်အားဖြင့် ကြန့်ကြာမှုနဲ့ ငွေကြေးကုန်ကျမှု ပိုပြီးများနိုင်ပေမဲ့ ရည်ရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်သွားရာမှာတော့ ပိုပြီးအကြိုးရှိမှာ ဖြစ်ပါတယ်။
နိဂုံး အနေနဲ့ ရှေ့ဆက်မဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အတူ အမျိုးသမီးထု တရပ်လုံးအတွက် ကိုယ်စားပြုမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များကိုပါ တစ်ပါတည်း စဉ်းစားသင့်ကြောင်း တိုက်တွန်းလိုပါတယ်။
(စောကပီသည် လက်ရှိအချိန်တွင် ဘိတ်ကာဖီး၊ ကာလီဖိုးနီးယား ပြည်နယ် တက္ကသိုလ်တွင် တက္ကသိုလ်စီမံခန့်ခွဲရေး တာဝန်ဖြစ် သော ကျောင်းသား လက်ခံခြင်းနှင့် မှတ်တမ်းပြုစုခြင်း ဒါရိုက်တာအဖြစ် လုပ်ကိုင်နေလျက်ရှိသည်။)