ဤနေ့သည် ချင်း- ဗမာချစ်ကြည်ရေး ညီလာခံ ကျင်းပသည့် ၇၂နှစ်မြောက်နေ့ဖြစ်သည်။
အဆိုပါ ချစ်ကြည်ရေး ညီလာခံကို ၁၉၄၇ ခုနှစ်၊ မတ်လ ၄ ရက်မှ ၆ ရက်နေ့ အထိ ထီးလင်းမြို့တွင် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။
ချင်းခေါင်းဆောင်များသည် သမိုင်းဝင်ပင်လုံစာချုပ်တွင် လက်မှတ်ထိုးပြီး တလမပြည့်မီမှာပင် ထိုညီလာခံကြီးကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းညီလာခံကြီးကို လူတသောင်းကျော်တက်ရောက်ခဲ့ပြီး ပင်လုံစာချုပ်ကိုထောက်ခံကြောင်း၊ လွတ်လပ်ရေး အတွက် ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြမည်ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် တာဝန်ခွဲဝေလုပ်ကိုင်ရာတွင် လည်းကောင်း၊ အကျိုးခံစားမှုများတွင်လည်းကောင်း အညီအညွတ်ပူးပေါင်းဆောင်ရွက်ရန် အဓိဌာန်ပြု ခဲ့ကြသည်။
ညီလာခံကျင်းပသည့်နေရာတွင် ချင်း-ဗမာချစ်ကြည်ရေး ကျောက်တိုင်ကိုလည်း စိုက်ထူခဲ့ကြသည်။
ထိုညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် မတက်ရောက်နိုင်၍ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုနှင့် ဖဆပလခေါင်းဆောင်များသာ တက်ရောက် ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် ချင်းအမျိုးသားများဖြစ်သော ဦးဝမ်းသူမောင်၊ ဦးဇာရဲလျံ၊ ဦးထျန်လျန်း၊ ၊ ဦးရာမှုန်း တို့သည် ဝန်ကြီးများအဖြစ်ထင်ရှားခဲ့ကြသည်။
ဦးဝမ်ကိုဟောသည် ပြင်သစ်၊အင်ဒိုနီးရှား၊ နယ်သာလန်၊ ချက်ကိုစလိုဗက်ကီးယား၊ကမ္ဘောဒီးယား၊ သြစထြီးယား၊ ဟန်ဂေရီသံအမတ်ကြီးအဖြစ် သံတမန်လောက တွင်ထင်ရှားပြီး ဗိုလ်တိုက်ချွန်း၊ ဗိုလ်မှူးကြီးဗန်ကူးလ်တို့သည်လည်း တပ်မတော်တွင် ထင်ရှားသူများ ဖြစ်ကြသည်။
ဗိုလ်တိုက်ချွန်းသည် အင်းစိန်တိုက်ပွဲတွင် ရဲဝံ့စွန့်စားတာဝန်ထမ်းဆောင်ခဲ့သဖြင့် အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဗိုလ်မှူးကြီး ဗန်ကူးလ်မှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။