မတ်လ ၆ ရက် ၂၀၁၉ သည် ဝိပဿနာပြ ဆရာကြီးဦးဘခင်၏ ၁၂၀ ပြည့်မွေးနေ့ဖြစ်သည်။ ဆရာကြီးသည် လွတ်လပ်ရေးခေတ်ဦးတွင် ငွေစာရင်းဌာန၏ အမြင့်ဆုံးတာဝန်ဖြစ်သည့် ငွေစာရင်းမင်းကြီးရာထူးကို ပထမဆုံး တာဝန်ယူခဲ့သူဖြစ်ပြီး ဥရောပနှင့် အိန္ဒိယတွင် ဝိပဿနာပြန့်ပွားရေးအတွက် အုတ်မြစ်ချပေးသူဖြစ်သည်။ ဆရာကြီးဦးဘခင်၏ ဆရာများမှာ မြန်မာနိုင်ငံတွင် ကျော်ကြားသော အနာဂမ်ဆရာသက်ကြီး၊ ဝေဘူဆရာတော်ကြီးတို့ဖြစ်ပြီး ၎င်းတို့က ဦးဘခင်ကို တရားပြဆရာလုပ်ရန် တိုက်တွန်းခဲ့ကြသည်။
ဆရာကြီးဦးဘခင်သည် နိုင်ငံတကာသို့ ဝိပဿနာပြန့်ပွားစေရန် အပြည်ပြည်ဆိုင်ရာ တရားရိပ်သာ International Meditation Centre ကို ရန်ကုန်မြို့၊ အင်လျားမြိုင်လမ်းတွင် ၁၉၅၂ ခုနှစ်က ထူထောင်ခဲ့သည်။ နိုင်ငံခြားသားများ၊ ပညာရှင်ပါမောက္ခများ၊ သံတမန်လောကမှ ပုဂ္ဂိုလ်များ ပါဝင် တရားအားထုတ်ခဲ့ကြပြီး ရိပ်သာ၏အောင်မြင်မှုဂုဏ်သတင်းသည် ပြည်ပနိုင်ငံများအထိပြန့်နှံ့ခဲ့သည်။
၁၉၅၄ ခုနှစ် ဆဌသင်္ဂါယနာသို့ လာရောက်သော နိုင်ငံခြားသားများ တရားထိုင်ခြင်းနှင့် ပတ်သက်၍ သိလိုသမျှကို အင်္ဂလိပ်ဘာသာဖြင့် ဆရာကြီးက ဟောပြောပေးခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဘင်ဂူရီယန်နှင့်ပါလာသော သတင်းစာကိုယ်စားလှယ်အဖွဲ့ကိုလည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်သည်များကို ဟောပြောပြခဲ့သည်။ ထိုဟောပြောချက်များကို The Real Values of True Buddhist Meditation အမည်ဖြင့် စာအုပ်ရိုပ်နှိပ်ဖြန့်ချိခဲ့သည်။
ဆရာကြီးသည် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်တရားပြလိုသော်လည်း ထိုစဉ်က အစိုးရမူဝါဒအရ အခြေအနေမပေးခဲ့ချေ။ ဦးဂိုအင်ကာ၊ ဦးကိုလေး(ဇေယျာမောင်)၊ မစ္စတာရောဘတ်ဟိုးမား (စက်မှုအင်ဂျင်နီယာ)၊ မစ္စတာကိုးလ်မင်း (အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိ)နှင့် အခြားတပည့်များမှတဆင့် ဝိပဿနာကျင့်စဉ်ကို ကမ္ဘာသို့ဖြန့်ချိနိုင်ခဲ့သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ကွယ်ပျောက်နေသော ဝိပဿနာမျိုးစေ့ကို တပည့်ဖြစ်သူဆရာကြီးဦးဂိုအင်ကာမှတဆင့် ပြန်လည်စိုက်ပျိုးပေးနိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ် ဆရာကြီးဦးဘခင် ကွယ်လွန်ပြီးနောက် တပည့်ဖြစ်သူ ဦးဂိုအင်ကာက ဆရာဖြစ်သူကို ရည်စူး၍ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကမ္ဘာ့ဝိပဿနာစေတီတော်၊ အီဂတ်ပူရီမြို့တွင် ဦးဘခင်ကျေးရွာ(Sayagyi U Ba Khin) ကျေးရွာကို တည်ဆောက်ပူဇော်ခဲ့သည်။