၁၉၂၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ လူထုခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အိန္ဒိယကွန်ဂရက်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် မြန်မာပရိသတ်က ခရီးဦးကြိုပြုခဲ့ကြသည်။ မဟတ္တမ ဂန္ဒီလာရောက်သည့် အကြောင်းအရင်းမှာ အိန္ဒိယနိုင်ငံတွင် ဖွဲ့စည်းထားသော ပြည်တွင်းလက်ရက်ကန်းအဖွဲ့ကြီးအတွက် မြန်မာနိုင်ငံနေ အိန္ဒိယသားများထံမှ ရန်ပုံငွေကောက်ရန်နှင့် မြန်မာများကို သူ၏အမြင်၊ သူ၏အတွေ့အကြုံများကို ပြောပြ အကြံဉာဏ်ပေးရန်ဖြစ်သည်။
ရန်ကုန်မြို့တွင် ရှိနေစဉ် ဂန္ဒီသည် ဂျူဗလီဟော၊ ဖိုက်စကွဲယားပန်းခြံ (ယခုမဟာဗန္ဓုလပန်းခြံ)တို့တွင် မိန့်ခွန်းဟောပြောခဲ့သည်။ ရွှေတိဂုံရင်ပြင်တွင် မြန်မာသံဃာတော်များနှင့်ဆွေးနွေးခဲ့ပြီး မြန်မာ့နိုင်ငံရေးတွင် သံဃာများပါဝင်ဆောင်ရွက်နေခြင်းမှာ ဝမ်းသာစရာကောင်းကြောင်း၊ သို့သော် တာဝန်ကြီးကြောင်း၊ ကမ္ဘာ့သမိုင်းတလျှောက် သံဃာများ နိုင်ငံရေး ဝင်စွက်ဖက်ခဲ့၍ မဖွယ်မရာများဖြစ်ခဲ့ရဖူးကြောင်း၊ ထို့ကြောင့် စိတ်ထားဖြူစင်၊ ရှေ့ကလည်း ဦးဆောင်တတ်ဖို့ လိုကြောင်း၊ တိုင်းရင်းဖြစ် အထည်ပစ္စည်းများနှင့် ပတ်သက်၍ မိမိအင်အားကိုမှီ၊ မိမိပစ္စည်းနှင့် မိမိဖူလုံအောင် ကြိုစားစေလိုကြောင်းပြောကြားခဲ့သည်။ ဘင်္ဂါလီလူမျိုး ရိုက်တာသတင်းထောက် မစ္စတာချက်တာဂျီက “ကျနော် ရိုက်တာကြေးနန်းသတင်းထောက်မှန်းသိပေမယ့် ဂန္ဒီဂျီးက ကျနော့်ကို စကားတခွန်းမှမပြောဘူး။ ကျနော်က ဗြိတိသျှနိုင်ငံထွက် အထည်ကို ဥရောပတိုက်အဝတ်အစားချုပ်ပြီး ဝတ်ထားလို့တဲ့။ ၁၁ ရက်လုံးလုံး သူနဲ့အတူသွားနေတာ စကားတလုံးမှ သူနဲ့ကျနော် မပြောရဘူး`ဟု မှတ်တမ်းတင်ခဲ့သည်။
ထို့နောက် မဟတ္တမဂန္ဒီသည် ပေါင်းတည်၊ ပြည်၊ မန ္တလေး၊ ဖြူးစသော အထက်ပိုင်းမြို့များသို့လည်းကောင်း၊ သထုံ၊ မော်လမြိုင်စသော အောက်ပိုင်းမြို့များသို့လည်းကောင်း နှစ်ပတ်ကြာမျှ ခရီးလှည့်လည်ပြီး အိန္ဒိယသားများထံမှ အလှူခံ၊ မြန်မာများကိုလည်း အကြံပေးမှုများပြုလုပ်ခဲ့သည်။ မန ္တလေးသို့ရောက်စဉ် အိန္ဒိယပြည်သူတွေကြားတွင် ဆိုရိုးတစ်ခုရှိကြောင်း၊ လွတ်လပ်ရေးပန်းတိုင်ကို သွားရာလမ်းသည် မန ္တလေးကိုဖြတ်သန်းသွားရမည်ဖြစ်ကြောင်း သတိတရပြောခဲ့သည်။ အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ဆူဘက်ချန်ဒရာဘို့စ်သည် မန ္တလေးတွင် ထောင်ချခံခဲ့ရသည်။
မဟတ္တမဂန္ဒီသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်တွင်းပစ္စည်းအင်အားကိုသာသုံး၍ အကြမ်းမဖက်ပဲ အစိုးရကို ဆန့်ကျင်သောနည်းကိုသုံးရန် အလေးထားပြောဆိုသွားခဲ့သည်။ ထို့နောက် ဂန္ဒီသည် သူ့တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို မတ်လ ၂၄ ရက်နေ့တွင် အဆုံးသတ်ခဲ့လေသည်။ ဂန္ဒီသည် မြန်မာနိုင်ငံသို့ ၁၉၀၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၁၅ ခုနှစ်တွင် ဒုတိယအကြိမ်လာရောက်ခဲ့ဘူးလေသည်။
နောင်အခါ ဂန္ဒီ၏ အကြမ်းမဖက်ရေးနည်းလမ်းသည် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ရောက်မှုရှိခဲ့သည်။ ဂန္ဒီခန်းမ၊ ဂန္ဒီဆေးရုံတို့သည်လည်း မြန်မာနိုင်ငံရေး၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ အထင်ကရနေရာများဖြစ်ခဲ့သည်။