၁၉၇၅ ခုနှစ် မတ် ၁၁ ရက်နေ့တွင် စေတီဘုရားများပေါ် နိုင်ငံခြားသားများ ဖိနပ်မစီးရေးတိုက်ပွဲဝင်ခဲ့သူ ဦးသိမ်းမောင်ကွယ်လွန်ခဲ့သည်။ ဦးသိမ်းမောင်သည် ကိန်းဘရစ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့နှင့်လင်ကွန်းအင်းဥပဒေကျောင်းမှ ဘာရစ်စတာ ဝတ်လုံဘွဲ့များ ရရှိခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သည်။ ရှေ့နေလောကတွင် ကျင်လည်ရင်း ပြည်မြို့ ရွှေဆံတော်ဂေါပကအဖြစ် ဆောင်ရွက်နေစဉ် `ဥရောပတိုက်သားများနှင့် အမေရိကန်လူမျိုးများမှအပ မည်သူမျှဖိနပ်မစီးရ`ဟူသော ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့သည်။
နိုင်ငံခြားသားများသည် မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ထားသူများဖြစ်သဖြင့် မင်းလိုလိုက် မင်းကြိုက်ဖြစ်စေရန် ဘုရားလူကြီး၊ ဂေါပကအဖွဲ့ဝင်လူကြီးအချို့သည် ၎င်းတို့ကို ဖိနပ်စီးခွင့်ပြုခဲ့ကြသည်။ ထိုစဉ်က တန်ခိုးကြီးဘုရားများ၏ခြေရင်းတွင် ဥရောပတိုက်သားများမှတပါး ဘိနပ်မစီးရ၊ ဟူသော ဆိုင်းဘုတ်စာတန်းများ ချိတ်ဆွဲထားကြသည်။
အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ချမ်းစဖို့ဒ်၏ပြည်ခရီးစဉ်တွင် ရွှေဆံတော်ဘုရားက`မည်သူမျှ ဖိနပ်မစီးရ`ဟူသော ဆိုင်းဘုတ်ဖြုတ်ပေးရန် ပြည်နယ်ပိုင်ဝန်ထောက်ကို ညွှန်ကြားခဲ့သည်။ ထိုညွှန်ကြားချက်ကို ဦးသိမ်းမောင်က ငြင်းပယ်ခဲ့ပြီးနောက် ဖိနပ်သိမ်းမောင်ဟု ထင်ရှားလာခဲ့သည်။
၁၉၁၇ ခုနှစ် မြေငလျင်ဒဏ်ကြောင့်ပြိုကျခဲ့သော ပဲခူးရွှေမော်ဓောဘုရားပေါ်သို့ မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖိနပ်စီးတပ်သည်ကို မခံနိုင်သော မြို့သူမြို့သားများက ဝိုင်အမ်ဘီအေသို့ တိုင်ကြားခဲ့သည်။ ထိုစဉ်က ဝိုင်အမ်ဘီအေအသင်းတွင်ပါဝင်လှုပ်ရှားနေသော ဦးသိမ်းမောင်က အင်္ဂလိပ်အစိုးရကို မိမိ၏ ဝတ်လုံဗဟုသုတပေါင်းစုံဖြင့် တင်ပြအရေးဆိုခဲ့သည်။ ကာတွန်းဆရာကြီးဦးဘကလေးကလည်း ကာတွန်းများဖြင့် အနောက်တိုင်းသားများနှင့်ဘုရားလူကြီးများကို သရော်ခဲ့သည်။
၁၉၁၉ ခုနှစ်တွင် အစိုးရက ဘုရားကျောင်းမြေ ဝတ္တကမြေများတွင် မည်သူမျှ ဖိနပ်မစီးရဟူသော အမိန့်ကို ထုတ်ပြန်ပေးခဲ့သည်။ နောင်တွင် ဦးသိမ်းမောင်သည် ပညာရေးဝန်ကြီး၊ အစိုးရရှေ့နေချုပ်၊ ဂျပန်ခေတ်တရားဝန်ကြီး၊ လွတ်လပ်ရေးခေတ်တရားဝန်ကြီးချုပ်၊ အိမ်စောင့်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်တာဝန်များထမ်းဆောင်ခဲ့လေသည်။ ဦးသိမ်းမောင်သည် ဘိလပ်တွင် ပညာသင်ကြားခဲ့ပြီး အခြားဘိလပ်ပြန်အချို့နှင့် ခြားနားစွာ ဖိနပ်သိမ်းမောင်အဖြစ် မြန်မာလူမျိုးတို့၏အမျိုးသားနိုင်ငံရေးခေတ်သစ်ကို ဖွင့်လှစ်ပေးခဲ့သည်။