၁၉၄၈ မတ်လ ၁၂ ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီး၏မြစ်ဖြစ်သူ အိန္ဒိယ ဘုရင်ခံချုပ်မောင့်ဘက်တန် က သီဟာသန ပလ္လင်ကို သမ္မတကြီးစဝ်ရွှေသိုက်ထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။
မောင့်ဘက်တန်က ယင်းပလ္လင်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် တွင် ပြန်လည်ပေးအပ် ရန် ရည်ရွယ်ခဲ့သော်လည်း သီဟာသနပလ္လင်မှာ ကြီးမားခိုင်ခံ့၍ တစစီ ဖြုတ်ရ မည်ဖြစ်၍ မတ်လမှ ပြန်ပေးနိုင်ခဲ့သည်။
မြန်မာမင်းများနန်းတော်တွင် ပလ္လင်ကိုးခုရှိရာ ခြင်္သေ့ခံအရုပ်ဖြင့်သီဟာသနပလ္လင်မှာ အရေးအပါဆုံး ဖြစ်၍ အချုပ်အချာ အာဏာ သဘောကို ဆောင်သည်။
ညီလာခံကျင်းပရာ အဆောင်တွင်ထားပြီး နိုင်ငံခြားသံတမန်ကြီးများကိုတွေ့ဆုံခွင့်ပြုခြင်း၊ ကျွန်တော် မျိုးများကို သစ္စာ ရေတိုက်ခြင်း၊ ပဒေသရာဇ်များ၏ကန်တော့လက်ဆောင်ခံယူခြင်း၊ အမိန့်တော်ပြန်ခြင်း၊ တရားဆုံးဖြတ်ခြင်း များကို ပြုလုပ်သည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် သီပေါမင်းနှင့်မိသားစုကို အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ သို့ ခေါ်ဆောင်သွားခဲ့ပြီး သီဟာသနပလ္လင်ကိုလည်း ၁၈၈၅ ခုနှစ်နောက်ပိုင်း ကာလကတ္တားသို့ သယ်ဆောင်သွားခဲ့သည်။
ထို့နောက် ၁၉၀၂ ခုနှစ်တွင် ကာလကတ္တားရှိ အိန္ဒိယပြတိုက်တွင် ထားရှိခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရ တော့မည့် အချိန် အိန္ဒိယဘုရင်ခံချုပ် မောင့်ဘက်တန်က ထိုပလ္လင်ကြီးကို မြန်မာနိုင်ငံ သို့ ပြန်ပေးရန် ဂျော့ဘုရင်နှင့် ဆွေးနွေးခဲ့ သည်။
ဂျော့ဘုရင်ကလည်းသဘောတူသဖြင့် သီဟာသနပလ္လင်သည် နှစ်ပေါင်း ၅၀ ကျော်ပြည်ပသို့ရောက် နေရာမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။
သီဟာသနပလ္လင်ကို မြန်မာသမ္မတများနေထိုင်ရာ ရန်ကုန်မြို့၊ အလုံလမ်းရှိ ဘုရင်ခံအိမ်တော်တွင် ထားရှိခဲ့သည်။
မြန်မာနိုင်ငံသို့ရောက်ရှိလာကြသော ယူဂိုဆလပ်သမ္မတမာရှယ်တီတိုး၊ တရုတ်ဝန်ကြီးချုပ် ချူအင် လိုင်း၊ အိန္ဒိယဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတနာဆာ၊ အမေရိကန် ဒုသမ္မတ ရစ်ချတ်နစ်ဆင်နှင့် အခြား နိုင်ငံတကာဧည့်သည်တော်များကို မြန်မာ သမ္မတများက သီဟာသနပလ္လင်ရှေ့တွင် ကြိုဆိုဧည့်ခံခဲ့သည်။
၁၉၅၉ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် သီဟာသနပလ္လင်ကို မြန်မာပြည်သူများ ကြည့်ရှုလေ့လာ ရန် သမ္မတအိမ်တော်မှ အမျိုးသားပြတိုက်သို့ပြောင်းရွှေ့ခဲ့သည်။ ယခုအချိန်တွင် ယင်းပလ္လင်ကြီးကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ကြည့်ရှု့လေ့လာနိုင်မည်ဖြစ်သည်။