လွန်ခဲ့သော ၃၁ နှစ် ယနေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်သည် အဓိကရုဏ်း နှိမ်နင်း ရေး တပ်ဖွဲ့ ဝင် များကြောင့် သေဆုံးခဲ့ရာ ထိုအဖြစ်အပျက်သည် သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ကို ပေါ်ပေါက်စေသည့် ကနဦးကျောင်းသား အရေးအခင်းများအနက် အရေးပါသော ကျောင်းသားလှုပ်ရှားမှုဖြစ်လာခဲ့သည်။
ကိုဖုန်းမော်ကျဆုံးသည့်နေ့မှ စတင်၍ ကျောင်းသား လှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီး မဆလအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျနေမှုအပေါ် မကျေနပ်သည့်ပြည်သူများကပါ ပူးပေါင်းပါဝင်ခဲ့ရာ သြဂုတ်လတွင် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီး တပါတီအာဏာရှင်စနစ်ပြုတ်ကျသွား ခဲ့သည်။
မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြောင်းလဲမှုများသည် ထို ၈၈၈၈ အရေးတော်ပုံမှ အစပြုသည်ဟု ကမ္ဘာရော မြန်မာကပါ လက်ခံသဘောတူခဲ့ကြသည်။
ဖုန်းမော်အရေးအခင်းသည် ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်အနီး ကြို့ကုန်း အနောက်ရပ်ကွက် တွင် ကျောင်းသား နှင့် အရပ်သား ရန်ပွဲမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုပြဿနာကို အစိုးရက ညှိနှိုင်းဖြေရှင်းခြင်းမပြုနိုင်ပဲ တပ်မတော်မှ ပြည်သူ့ရဲတပ်ဖွဲ့သို့အသွင်ကူးပြောင်းလာသည့် ရဲတပ်ဖွဲ့ဝင်များက စက်မှုတက္ကသိုလ်အတွင်းမှ ကျောင်းသား များကို မျက်ရည်ယိုဗုံး၊ သေနတ်များ ကိုအသုံးပြု၍ အကြမ်းဖက်ဖြေရှင်းရာ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ သေဆုံးခဲ့သည်။
ဖုန်းမော်အရေးအခင်းကို စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီးစစ်ဆေးခဲ့ရာ ကော်မရှင်က အဓိကရုဏ်း နှိမ်နင်းရာတွင် မြို့ပြအင်အားကိုအသုံးပြု ဆောင်ရွက်ရာ၌ လိုက်နာရမည့် အဆင့်ဆင့်သောအချက်များ ကို တပ်အင်အားဖြင့် နှိမ်နင်းသည့်နည်းလမ်းများဖြင့် ရောထွေးကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့ သေဆုံးခဲ့ကြောင်း သုံးသပ်ခဲ့သည်။