၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဒေါက်တာဘဦးသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ဒေါက်တာဘဦးသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရာတွင် အကြံပေး အဖြစ်ပါဝင်ခဲ့သူဖြစ်သည်။
ကိန်းဘရစ်တက္ကသိုလ်၊ ထရီနတီကောလိပ်တွင် မဟာဝိဇ္ဇာဘွဲ့၊ ဝတ်လုံဘွဲ့များကို ရရှိခဲ့သူဖြစ်ပြီး စစ်ကြို ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ဦးကာလများတွင် တရားရေးထိပ်တန်း ရာထူးများ ရယူခဲ့ သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်ပိုင်း ဝါအရင့်ဆုံးမြန်မာလူမျိုးတရားသူကြီးချုပ်ဖြစ်ခဲ့ပြီး အင်္ဂလိပ်အစိုးရ က ဆာဘွဲ့ချီးမြှင့်ခဲ့သည်။
မျိုးရိုးအလိုက်အင်္ဂလိပ်အစိုးရထံတွင် အမှုထမ်းခဲ့ကြပြီး မြန်မာပြည် နိုင်ငံရေးကို နှိုးကြားစေသူ ဆရာတော်ဦးဥတ္တမကို ထောင်သုံးနှစ်ချခဲ့သူမှာ ဒေါက်တာဘဦး၏ ဦးလေးဦးဖိုးဘေဖြစ်သလို၊ ဒေါက်တာဘဦးကိုယ်တိုင်လည်း အင်္ဂလိပ်ကို ပုန်ကန်သည့် တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ မှုကို စုံစမ်းစစ်ဆေးသည့် ခုံရုံးအဖွဲ့တွင် ပါဝင်ခဲ့သည်။ ယင်း ခုံရုံး၏စီရင်ချက်ဖြင့် ဆရာစံကြိုးပေးခံခဲ့ရသည်။
ဒေါက်တာဘဦးသည် မြန်မာ့လွတ်လပ်ရေးနှင့် ဖွားဘက်တော်ဖြစ်သော ပြည်တွင်းစစ်အတွင်း အထွေ ထွေ ရွေးကောက် ပွဲကြီး ကျင်းပနိုင်ရန် အထူး ကြိုစား ဆောင်ရွက်ခဲ့ပြီး ထိုရွေးကောက်ပွဲမှ ပေါ်ပေါက် လာသော ပါလီမန်လွှတ်တော်ကပင် ဒေါက်တာဘဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
သမ္မတရာထူးကို ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ တာဝန်ယူခဲ့သည်။