ယနေ့သည် လွန်ခဲ့သည့် ၃၁ နှစ်က ပြည်လမ်းတံတားဖြူ မှတ်တိုင်အနီး ရန်ကုန်တက္ကသိုလ်မှ လှိုင် ကောလိပ် နယ်မြေသို့ ချီတက်ဆန္ဒပြနေကြသော ကျောင်းသားကျောင်းသူများကို လုံထိန်း ရဲတပ်ဖွဲ့ များက နှစ်ဘက်ပိတ်ဆို့ အကြမ်းဖက် ရိုက် နှက်ဖြိုခွဲမှုကြောင့် ကျောင်းသားကျောင်းသူ ပေါင်းများစွာ သွေးမြေကျခဲ့သည့်နေ့ဖြစ်သည်။
ထိုအကြမ်းဖက်ဖြိုခွင်းပွဲကို နောင် လေးလအကြာတွင် နိုင်ငံတော်သမ္မတဖြစ်လာမည့်ဦးစိန်လွင်က ညွှန်ကြားခဲ့ပြီး လုံထိန်း တပ်များသည် ကျောင်းသားများကို အင်လျားကန်ဘောင်တလျှောက် ရိုက်နှက် ခြင်း၊ ကျောင်းသူများကို ဆံပင်ဆွဲရိုက်နှက်၍ အင်လျားကန်ထဲ ကန်ချခြင်း၊ ရွှေငွေလက်ဝတ် ရတနာ များကို လုယက်ခြင်းများ ကျူးလွန်ကြသည်ဟု သတင်းများပျံ့နှံ့ ခဲ့သည်။
တံတားနီနေ့သည် စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ပစ်သတ်ခံရသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော ကျောင်းသား ကျောင်းသူများ ဖမ်းဆီးခံရကာ သမိုင်းဝင် ရှစ်လေး လုံးအရေးတော်ပုံကြီးကိုပေါ်ပေါက်စေသည့် ကနဦးကျောင်းသားအရေးခင်းများ အနက် အရေးပါသည့် ကျောင်းသားလှုပ်ရှားမှုကြီးဖြစ်ခဲ့သည်။
တံတားနီနေ့ပြီးနောက် ကျောင်းသားနှင့် ပြည်သူများ ပေါင်းစည်းဆန္ဒပြမှုများဖြစ်လာခဲ့ပြီး အစိုးရက ဖမ်းဆီး၍ မတ် ၁၈ ရက်နေ့ညတွင် အင်းစိန်ထောင်သို့ပို့ရာ အချုပ်ကားအတွင်း ဖမ်းဆီခံရသူ ၇၁ ဦးအနက် ၄၁ ဦးအသက်ရှုကျပ် သေဆုံးခဲ့ရသည်။