၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကရင်တိုင်းရင်းသူ မစ္စစ်ဘမောင်ချိန်သည် ကရင်ပြည်နယ် ဌာန ဝန်ကြီးအဖြစ် မြန်မာ့ပထမဆုံးအမျိုးသမီးဝန်ကြီးဖြစ်လာခဲ့သည်။
မစ္စစ်ဘမောင်ချိန်သည် ၁၉၄၉ ခုနှစ်ပြည်တွင်းစစ်ကာလအတွင်း တိုက်ပွဲများဖြစ်နေသော ကရင် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များနှင့် ဖဆပလ အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် ထင်ရှားခဲ့ပြီး ၁၉၅၁ ခုနှစ် ကရင်ပြည်နယ် ထူထောင်သော အခါ ပထမဆုံး ကရင်ပြည်နယ် အစိုးရအဖွဲ့ ဥက္ကဌဖြစ်လာခဲ့သူဖြစ်သည်။
ဖခင်ဖြစ်သူမှာ နာမည်ကျော် ကရင်အမျိုးသား ခေါင်းဆောင်ကြီး ဆာစံစီပိုးဖြစ်ပြီး မိသားစုဝင်များမှာ ကရင်တိုင်းရင်းသား များ ကြားတွင် ထင်ရှားကြသည်။ မစ္စစ်ဘမောင်ချိန်၏ အမည်ရင်းမှာ ကလာရီ ဘယ် အာရင်း ပိုး (Claribel Irene Po) ဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ လမ်းအင်ဂျင်နီယာချုပ် ဦးဘမောင်ချိန်ဖြစ်သည်။
မစ္စစ်ဘမောင်ချိန်သည် ဝန်ကြီးဖြစ်ပြီး တနှစ်အကြာတွင် ရာထူးမှ နုတ်ထွက်ကာ အာရှတိုက်လုံးဆိုင်ရာ ခရစ်ယာန်အသင်း ၏အမှုဆောင်လူကြီးအဖြစ် ခရစ်ယာန်ဘာသာပြန့်ပွားရေးကို အာရုံစိုက်လုပ်ကိုင် သွားခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၅၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မစ္စစ်ဘမောင်ချိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးပြည်ထောင်စုဝန်ကြီး ၄ ဦးရှိခဲ့သည်။
ယခုအခါ ကရင်တိုင်းရင်းသူ သမီးနန့်ခင်ထွေးမြင့်သည်လည်း ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။