ယနေ့သည် အင်္ဂလိပ်အစိုးရက ရန်သူတော် နံပါတ် ၁ ဟု သတ်မှတ်ခံရသော၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မျိုးချစ်စာဆိုကြီး၊ စတာလင် ငြိမ်းချမ်းရေး ဆုရှင် သခင်ကိုယ်တော်မှိုင်း၏ ၁၄၃ နှစ်မြောက် မွေးနေ့ ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရ ကို ဆန့်ကျင်သည့် မှိုင်းရာပြည့် ကျောင်းသား အရေး အခင်း ၄၃ နှစ်မြောက်နေ့ လည်းဖြစ်သည်။
၁၉၇၆ ခုနှစ် မတ် ၂၃ ရက်နေ့တွင် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို ဂါရဝပြုပြီး ပြန်လာသော ကျောင်းသားများက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို သိမ်းယူ၍ သပိတ်စခန်းဖွင့်ကာ ကျောင်းသား အခွင့်အရေးနစ်နာမှုများ၊ ငြိမ်းချမ်းရေး တောင်းဆိုမှုများ၊ မဆလ အစိုးရအပေါ် မကျေနပ်ချက်များကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
နောက်တနေ့ မတ် ၂၄ တွင် အစိုးရက တက္ကသိုလ်နှင့် ကောလိပ်များကို ရက် အကန့်အသတ် မရှိ ပိတ်လိုက်ပြီး စစ်တပ်က ဘွဲ့နှင်းသဘင် ခန်းမကို ဝင်ရောက် စီးနင်းကာ ကျောင်းသားများကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။
မှိုင်းရာပြည့်အရေးအခင်းသည် မြန်မာနိုင်ငံမြို့ကြီးများသို့ပြန့်နှံ့ခဲ့ပြီး ကျောင်းသား ၂၀၀ ကျော်ဖမ်းဆီး ခံရကာ ရာသက်ပန် ကျောင်းထုတ်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းများခံခဲ့ရသည်။